ကိုးကွယ်မှုဆိုင်ရာ ရခိုင်တေးကဗျာများ
ကျော်ဇော ( ရန်ကုန်တက္ကသိုလ်)
ကျော်ဇော ( ရန်ကုန်တက္ကသိုလ်)
ရှေးထုံးကိုလည်းမပယ်နှင့် ၊ ဈေးသုံးကိုလည်း မလွယ်နှင့်ဟူဘိသကဲ့သို့ ရှေးကပညာရှိ ကဝိအကျော်အမော်တို့သည် နောင်လာနောင်သားတို့၏အလို့ငှာ ထားခဲ့သော မိမိတို့၏ ဓလေ့ထုံးစံ ၊ ရိုးရာယဉ်ကျေးမှု ၊ စာပေ ၊ အနုပညာအဖြာဖြာတို့ကို ပစ်ပယ်မထားဘဲ ရှာဖွေဖော်ထုတ် ထိန်းသိမ်းစောင့်ရှောက်ကြရမည့် တာဝန်မှာ ပြည်ထောင်စုတိုင်းရင်းသား လူမျိုးအားလုံး၏ တာဝန်တရပ်ပင် ဖြစ်လေသည်။
အနောက်ရိုးမတောင်တန်းကြီး၏ သည်ဖက်ကမ်းရှိ ရခိုင်ပြည်နယ်သည် ရှေးခေတ် ရှေးအခါ ကာလ ၊ ရမ္မာဝတီခေတ် ၊ ဒွါရာဝတီခေတ် ၊ ဓညဝတီခေတ် ၊ ဝေသာလီခေတ် စသည်ဖြင့် ခေတ်အဆက်ဆက် ကျော်လွှားလာခဲ့ရာတွင် စန္ဒသူရိယမင်း၏ ဓညဝတီခေတ်ကပင် ကဗျာစပ်ဆိုနည်းများကို တီထွင်လာခဲ့ကြ သည်ဟု သိရသည် ။ ၎င်းပြင် ဝေသာလီခေတ် စန္ဒရားမင်းများလက်ထက်၌ စောပြည့်ညို (သုဝဏ္ဏဒေဝီ) ၏ ‘သိန်ကန်မိန်တွင်’ ချီ ရွှန်းလိုက်ရတု ၊ အမတ်ကြီးဓမ္မဇေယျ၏ ‘ ဗျည်းသုံးဆယ့်သုံးလုံးလှေတော်သံ ’ ‘ စန္ဒရားဘွဲ့ ’ စသော အထက်တန်းကျသည့် ဂီတနွှယ်သည့် ရခိုင်ကဗျာစာပေ အဖူးအငုံ မြောက်များစွာ ပွင့်လန်းလာခဲ့သည်ကို တွေ့ရှိရပါသည် ။
ထို့နောက် ရခိုင်ယဉ်ကျေးမှုအထွန်းကားဆုံး အကျယ်ပြန့်ဆုံးဖြစ်သော မြောက်ဦးခေတ်၌ ‘ ရခိုင့် သဘာဝတေးကဗျာသီချင်း ’ များ ထွန်းသစ်တိုးတက်ဆုံးဖြစ်ခဲ့ပေသည်။ ရှေးစန္ဒသူရိယမင်း၏ ဓညဝတီခေတ်၊ စန္ဒရားမင်းများ၏ ဝေသာလီခေတ်တို့မှ အစပြု၍ အမြစ်နွှယ်လာခဲ့သော တေးကဗျာတို့ကို အဆင့်ဆင့်လက်ခံကာ မြောက်ဦးခေတ်တွင် ထူးခြားဆန်းပြားလာအောင် တိုးတက်တီထွင်ခြင်းဖြစ်ပေ သည်။ ဤကား ရခိုင်သဘာဝတေးကဗျာများ ရခိုင့်စာပေသမိုင်း၌ ဆက်လက်ဆင်းသက်လာခဲ့ခြင်း အကျဉ်းမျှ ဖြစ်ပေသည်။
ယခုဖော်ပြလတံ့သော ကိုးကွယ်မှုဆိုင်ရာ ရခိုင်သဘာဝတေးကဗျာအချို့သည် ရခိုင်ကဗျာစာပေ အတိုးတက်ဆုံးခေတ်များမှစ၍ ခေတ်အဆက်ဆက်တို့ကိုကျော်လွှားကာ ယနေ့တိုင် ရခိုင်ပြည်သူတို့၏ နှုတ်ဖျားဝယ် မပျောက်မပျက် ထင်ရှားလျက် ရှိနေပေသည်။ ဤသဘာဝတေးကဗျာများကို အဆိုသက်သက်မဟုတ်ဘဲ တူရိယာသံနှောကာ သံစုံတပ်ပေးလျှင် ပို၍ သာယာငြိမ့်ညောင်းစေပေသည်။
( ဘုရားတင်ရန်အတွက် ဆီမီး ၊ ကုက္ကား ၊ ထီး ၊ တံခွန် အစရှိသော ဘုရားလက်ဆောင် မြားမြောင် စွာဖြင့် မြတ်စွာဘုရားရုပ်ပွါးတော်သို့ သွားရောက်ကာ ဆုတောင်းဆုယူ ပြုကြပါသည်။ မြတ်စွာဘုရား၏ ကိုယ်စား ရုပ်ပွါးတော်ကို မောင်တို့မယ်တို့ ညီညီညာညာ ဖူးမြော်ကန်တော့ကြပါသည်။ ဦးခေါင်းထိပ်မှာ ပန်းကိုတင်၍ လက်ဆယ်ဖြာဖြင့် ရှိခိုးကြပါသည်။ ဝတ်ပြုကြပါသည် ) ဟူသော အဓိပ္ပါယ်ကို ဖော်ပြထား သည့် သဘာဝတေးကဗျာကား …..
ဘုရားလက်ဆောင် ၊ များမြောင်ဆီမီး
မုလေးပွါးကေ ၊ ကုက္ကားထီးနန့်
ကြက်ချာဒက်စွန် ၊ တံခွန်လိပ်လက်
ပြသာဒ်ပြင်ဗျာ ၊ စွန်တင်ကြက်လို့
သကျမဉ္ဇူ ၊ ဆုထူးယူမေ
ကောင်းမှုတို့မေ ၊ ဆင်းဗုဒ္ဓေကို
အညီမေရို့ ၊ ဖူးကတ်တေလေး
ပန်းခံယူငင် ၊ ခေါင်းထက်တင်
ဇိသျှင်ခိုးကေ ၊ ဝတ်ပြုရေလေး ၊…….. ဝတ်ပြုရေ ။
ဟူ၍ဖြစ်ပါသည်။ ယင်းနောက်တဖန် ( ညီမတို့ ၊ အမတို့ ပန်းခူးရန်သွားကြပါစို့ ၊ ယခုလို သီတင်းဝါလ ကျွတ်ခဲ့ပြီဆိုမှဖြင့် ရခိုင်အခေါ် လုပ်စရီပန်းနှင့်တကွ အခြားသော ဘုရားပန်းများတို့သည် ပွင့်လန်းခဲ့ကြလေ ပြီ ။ ဤအချိန်အခါသည် ညီမတို့ ၊ အမတို့ ဖော်တသင်း ပန်းပေါင်းစုံကို တူတူညီညီ ပျော်ပျော်ပါးပါး ပန်းခူးချိန် မဟုတ်လော ။ ညီမတို့ အမတို့ ပန်းခူးပြီးက ဘာလုပ်ကြမည်နည်းဆိုလျှင် ဆရာတော်အသျှင် ထေရ်မြတ်ကျောင်းသို့ သွားရောက်ပြီး ကန်တော့ကြပါသည် ။ ဇေတဝန်ကျောင်းတော်မြတ်မှာ ပန်းခူးယူခဲ့ သော ပန်းမျိုးစုံတို့ကို ဘုရားတင်ကြမည်။ ဆီမီးတိုင် တစ်ယောက်တစ်တိုင်စီ ပြိုင်တူထွန်းညှိယူကြပြီးလျှင် ရှိခိုးပူဇော်ကြမည် ညီမတို့ ၊ အမတို့ ) ဟူသော အဓိပ္ပါယ်ကို ဖော်ညွှန်းသည့် သဘာဝတေးကဗျာမူကား ….
အမျေလေ ၊ ရောက်မလေ
ပန်းခူးဖို့လားကတ်မေ
ဝါကျွတ်လတ်ပျာ ၊ ပန်းပွင့်ပျာ
လုပ်စရီပန်း ၊ ဘုရားပန်း
အနွယ်ခက်ဖြာ ၊ ပွင့်တရာ
ရိုးတံကချီ ၊ ပွင့်ဝတီ
ငုံတံတမျိုး ၊ ပွင့်တချို့
ဘုရားပန်းယင် ၊ ပွင့်လတ်ယင့်
အကျွန်ရို့မှာ ၊ ဆွတ်ကတ်ယင့်
ဆွတ်လို့ရကေ ၊ ဇာပြင်မေ
ဆရာသျှင် ထေရ်ကျော်ကျောင်း ၊ လားကတ်မေ
ကျောင်းကြီးအသျှင် ၊ ကန်တော့ယင့်
ဇေတဝန် မြတ်မွန်ကျောင်း ၊ ပန်းတင်ယင့်။
တယောက်တတိုင် ၊ ဆမီးတိုင်လေ
ပြိုင်ပျာထွန်းကေ ၊ ရှိခိုးမေလေ … ရှိခိုးမေ ။
ဟူ၍ဖြစ်ပေသည် ။ ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့အနီး၌ရှိသော ဦးရာဇ်တော်စေတီသည် ဘုရားတည် ကတည်းကပင်လျှင် ကောင်းမြတ်သေသပ်စွာ ပွတ်တိုက်ပြုလုပ်ထား၍ လုံးပတ်ညီညာပြီး စေတီတော်ထိပ် ဖျားတွင်လည်း ရွှေနှင့်ငွေနှင်ရောပြွန်းပြီး ပြုလုပ်ထားပါသည် ။ ဤစေတီတော်ကို ဘယ်နေ့ဘယ်ရက်မှာ ဖူးမြော်ရန် သွားကြရသနည်းဆိုသော် သခွါး ၊ ဖရုံပွင့်သစ်သည့် ဆီးနှင်းစိုစ ပြာသိုလတွင် ဖူးမြင်ရန် သွားကြ ပါသည် ။ သို့သော်လည်း နှမလေးမှာ မြောက်သားတော်မလိုက်လျှင် ဖူးမြော်ရန်မသွားပါ ။ ( မြောက်သား တော်ဆိုသည်မှာ အမေ၏မောင်သား ၊ သို့မဟုတ် ၊ အဖေ၏ညီမ / အမသားကို ရခိုင်လိုတော်စပ်ခေါ်ဆိုခြင်း ဖြစ်ပါသည် ) အဘယ်ကြောင့်မူ ဘချစ်ရီဘုရားသို့ ဖူးမြော်ရန်သွားခဲ့ကြသည့်အခါက နှမလေး၏ နားတွင် ပန်ဆင်ထားသော မြလေးချိန်စိန်နားဋောင်းသည် ဘုရားရင်ပြင်တွင်ကျ၍ ကွဲခဲ့ဘူးပါသည်။ အမေကို ပြန်ဆက်ဘို့ ပေးသည့်အခါတွင် အမေကိုယ်တိုင် ထွေးစမ္ပါယ်၏ စိန်နားဋောင်းကို မဆက်ပေးနိုင်ခဲ့ပါ။ အဖေ့ ကို ပြန်ပေးသော်လည်း အဖေကိုယ်တိုင် မဆက်ပေးနိုင်ခဲ့ပါ ။ မောင်တော်ကို ပေးပြန်သော်လည်း မောင်တော်ကိုယ်တိုင် ထွေးစမ္ပါယ်၏ စိန်နားဋောင်းကို ဆက်မပေးနိုင်ခဲ့ပါဟူသော အဓိပ္ပါယ်ကို ဖော်ပြသည့် သဘာဝတေးကဗျာတစ်ပုဒ်ကား …
ဝရာဇ်တောင်စာတီ ၊ လုံးပတ်ညီ
လုံးညီပွတ်တိုက် ၊ အဖျားစွန်မှာ
ရွှီနန့်ငွီနန့် ၊ ရောပျာပွတ်တေ
ဇာနိဇာခါ ၊ ဖူးရပါမေ
သခွါးချေပွင့်ငုံ ၊ ဖရုံချေပွင့်သစ်
နှင်းစစိုကေ ၊ ပြာသိုလမှာ ဖူးရမေလေ။
မြောက်သားမပါ ၊ မဖူးပါ
ဘချစ်ရီဘုရား ၊ ဖူးဇောင်လားခါ
နှမမှာလည်း ၊ နားမှာနားဋောင်း ကျပြာကွဲရေ ။
မိကိုယ်ကို ၊ မိကိုပီးလည်း
မိလည်းကိုယ်တိုင် ၊ ထွီးစမ္ပါယ်
စိန်နားဋောင်းကို မဆက်နိုင်။
ဖကိုယ်ကို ၊ ဖကိုပီးလည်း ၊
ဖလည်းကိုယ်တိုင် ၊ ထွီးစမ္ပါယ်
စိန်နားဋောင်းကို မဆက်နိုင်။
မောင်ကိုယ်ကို ၊ မောင်ကိုပီးလည်း
မောင်လည်းကိုယ်တိုင် ၊ ထွီးစမ္ပါယ်
စိန်နားဋောင်းကို မဆက်နိုင်လေ …. မဆက်နိုင် ။ ဟူ၍ဖြစ်ပေသည်။
ယခုကဲ့သို့ ရခိုင်စာပေများ တိုးတက်ထွန်းကားလာသောခေတ်မှ စာဆိုတော်များသည် ရိုးရာယုံကြည် ကိုးကွယ်မှုဆိုင်ရာနှင့် ဓလေ့ထုံးစံ တံထွာအစဉ်အလာ စရိုက်သဘာဝအလျောက် ယဉ်ကျေးမှုများကို ရတု ၊ ရကန် ၊ ဧအိုင် သာချင်း တေးကဗျာများဖြင့် သရုပ်ဖော်လျက် စာပေတန်ဆာဆင်၍ ယဉ်ကျေးမှုမှတ်တမ်း တင်ထားခဲ့ကြပါသည် ။ သို့ပါသော်လည်း ခေတ်အဆက်ဆက်၏ ဒဏ်ရာဒဏ်ချက်ကြောင့် တချို့သောအရာ တို့မှာ တိန်မြုပ်ပျောက်ကွယ်သွားခဲ့လေပြီ ။
ပြည်ထောင်စုဖွား တိုင်းရင်းသားစာပေ သုတေသီများအနေဖြင့် တိုင်းရင်းသားရေးရာများကို လက်တွဲဖော်ထုတ်ဖြင်းဖြင့် ရိုးရာယဉ်ကျေးမှု ၊ အတွေးအခေါ်နှင့်စာပေပညာရပ်တို့ကို တဦးနှင့်တဦး လက်ဆင့်ကမ်းပေးရာသို့ ရောက်လိမ့်မည်ဟု ယုံကြည်ရင်း နိဂုံးချုပ်လိုက်ရပေသည် ။
ကျော်ဇော (ရန်ကုန်တက္ကသိုလ်)
၁၉၇၆ ခုနှစ် ၊ နိုင်ဝင်ဘာလထုတ် ၊ မြဝတီမဂ္ဂဇင်း အတွဲ (၂၅) အမှတ်(၁)
No comments:
Post a Comment