Thursday, May 18, 2017

ဓညဝတီ စန္ဒသူရိယမင်း

ဓညဝတီ စန္ဒသူရိယမင်း


 စန္ဒသူရိယမင်းသည် ရခိုင်ဓညဝတီပြည်တွင် အလွန်ကျော်စောသော မင်းဖြစ်လေသည်။ ထိုမင်းသည် တကောင်းပြည်ကြီး၏အရှင်ဖြစ်သောအဘိရာဇာမင်းကြီး၏သား ကံရာဇာကြီးမင်းမှ ဆင်းသက်လာသော မင်းဖြစ်သည်။ ထိုမင်းသည် မဟာမုနိရုပ်တုတော်မြတ်ကို ကြေးဖြင့်သွန်းလုပ်၍ ကိုးကွယ်ခဲ့လေသည်။
 စန္ဒသူရိယမင်းသားကို မဖွားမြင်မီက ဓညဝတီပြည့်ရှင် ခမည်းတော်သီရိမာလာမင်းသည် စက်တော်ခေါ်ရာ၌ နေနှင့်လကိုဆွတ်၍ မိဖုရားကြီးအားပေးသည်ဟု အိပ်မက်မြင်လေသည်။ နံနက်မိုးသောက်၍ မင်းပွဲခံသောအခါ သီရိမာလာမင်းသည် မှူးမတ်တို့အား မိမိ၏အိပ်မက်အကြောင်းကို ပြောပြလေသည်။ ထိုအခါ ပညာရှိအမတ်တို့က အရှင်မင်းမြတ် ၊ နေ လ နှစ်ပါးကိုဆွတ်၍ မိဖုရားကြီးအားပေးသည်ဟု အိပ်မက်မြင်ခြင်းသည် အလွန်မြတ်လှပေသည်။ အရှင်မင်းမြတ်တွင် နေမင်းကဲ့သို့ ဘုန်းရောင်ထွန်းတောက်၍ လမင်းကဲ့သို့ အေးမြကြည်လင်သော သားတော် ထွန်းကားမည် မလွဲဟု လျှောက်ကြလေသည်။
 မှူးမတ်တို့က လျှောက်ကြသောစကားကို ကြားသောအခါ သီရိမာလာမင်းသည် အမြဲမပြတ် သီတင်းသီလ ဆောက်တည်၍ အလှူဒါနပြုလေသည် ။ မိဖုရားကြီးလည်း မင်းကြီးကဲ့သို့ပင် အမြဲမပြတ် သီတင်းသီလ ဆောက်တည်၍ အလှူဒါနပြုလေသည် ။
 အချိန်အခါသို့ရောက်သောအခါ လပြည့်နေ့တနေ့ နေအဝင် လအထွက် ကောင်းကင်ထက်၌ နေလနှစ်ပါးလုံး ရှိနေခိုက်တွင် မိဖုရားကြီး၌ ချစ်ဖွယ်ကောင်းသော သားတော်ကို ဖွားမြင်လာလေသည် ။ နေမင်းကို သူရိယဟုခေါ်၍ လမင်းကို စန္ဒဟုခေါ်ကြရာ နေလနှစ်ပါးကို အကြောင်းပြု၍ ထိုသားတော်အား စန္ဒသူရိယဟု မင်းကြီးနှင့်မိဖုရားတို့က အမည်မှည့်လေသည်။
----------------------------

ဦးသိန်းဟန် (မဟာဝိဇ္ဇာ) ရွီးသားပြုစုရေ ပြည်ထောင်စုသမိုင်းပုံပြင်များ စာအုပ်က ထုတ်နှုတ်ရွီးသားခြင်းဖြစ်ပြီးကေ ဒေစာအုပ်ကို မြန်မာနိုင်ငံဘာသာပြန်စာပေအသင်းကကြီးကြပ်ပနာ စာပေဗိမာန်ကနိန် ၁၉၅၈ ၊ ၁၉၆၀ ၊ ၁၉၆၈ ခုနှစ်တိမှာ ပုံနှိပ်ဖြန့်ဝီရေလို့ ဖော်ပြထားဟိစွာကို တွိရလို့ မှတ်တမ်းမှတ်ရာတခုအနိန်နန့် Post လုပ်ပီးခြင်း သတ်သတ်ရာဖြစ်ကြောင်းကို စာဖတ်ပရိတ်အပေါင်းကို ပဏာမအနိန်နန့် အသိပီးလိုပါရေ ။
 ကံရာဇာကြီးမင်း(ဘီစီ ၁၅၀၇ - ၁၄၇၀)ဆိုစွာက ဒုတိယဓညဝတီကို တည်ထောင်ရေမင်းတပါးဖြစ်ပြီးကေ မင်းမင်းဆက်၏အနွယ် (၂၈) ပါးမြောက်ဖြစ်တေ ဘုရင်သီရိရာဇာ( ဘီစီ ၅၁၀ - ၅၈၀)က ဘုရင်စန္ဒသူရိယမင်းကြီး၏ အဖပင်ဖြစ်တေ ။ သီရိမာလာမဟုတ်ပါ ။ ဘုရင်စန္ဒသူရိယမင်း၏ အမိကတော့ခါ မိဖုရားဝိမလဒေဝီ ( ဝိမလကုမာရီ ) ဖြစ်ပါရေ  ။ ဘုရင်စန္ဒသူရိယမင်းလက်ထက်တော်က မြတ်စွာဗုဒ္ဓ ရခိုင်ပြည်ကိုကြွလာစွာနန့်ဆက်နွယ်ပနာ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကို သွန်းလုပ်ပူဇော်ခကြောင်းကို ရခိုင်အမျိုးသားတိအားလုံး ဂနိထက်တိုင် ယုံကြည် ကတ်တေ ။ ဘုရင်စန္ဒသူရိယမင်းကစလို့ တတိယဓညဝတီခေတ်စတင်ရေလို့ ရခိုင့်သမိုင်းပညာသျှင်တိကလည်း တညီတညွတ်အသိအမှတ်ပြုကတ်လီရေ ။

http://www.facebook.com/centralconceptionforarakan/

No comments: