မြောက်ဦးခေတ်၏
ကြီးကျယ်ခမ်းနားသောကာလသည်
မင်းဗာဘုရင် (အေဒီ ၁၅၃၁ - ၁၅၅၃) လက်ထက်မှစ၍ စန္ဒသုဓမ္မရာဇာ (၁၆၅၂ - ၁၆၈၄) အထိ နှစ်ပေါင်း (၁၅၀) ခန့်ကြာညောင်းခဲ့သည်။ ထိုကာလအတွင်း ရခိုင်ပြည်သည် နိုင်ငံရေးအရ အသာစီးရမှု ၊ နယ်မြေချဲ့ထွင်နိုင်မှု ၊ စီးပွါးရေးတိုးတက်မှုများ ဖြစ်ပေါ်စေခဲ့သည်။ အေဒီ ၁၅၃၁ တွင် မင်းဗာဘုရင်နန်းတက်လာသည့်အခါ ရခိုင်ပြည်၏အခြေအနေမှာ မရေမရာအဆင့်တွင် ရှိနေသေးသည်။ သို့ရာတွင် မင်းဗာဘုရင်သည် စစ်ရေးစွမ်းရည်ဖြည့်တင်းထားမှု ၊ နယ်မြေချဲ့ထွင်ရန် ဆန္ဒပြင်းပြ မှု ၊ စီးပွါးရေးတွင်ရိုးသားပွင့်လင်းမှုရှိနှင့်ပြီးသော နိုင်ငံတခုကို အမွေဆက်ခံခဲ့သည်။ နောင် ဆယ်စုနှစ်ကာလ အတွင်း အရေးပါသောအခန်းကဏ္ဍများတွင်ရှိလာမည့် အခြေခံအကြောင်းရင်းများဖြစ်ကြသည့် ရခိုင်ဘုရင့် တပ်မတော်တွင် နိုင်ငံခြားစစ်မှုထမ်းအရေအတွက် အတော်အသင့်များပြားနေမှု ၊ ဒေသတွင်းစီးပွါးရေးလုပ်ငန်း မှသည် အိန္ဒိယသမုဒ္ဒရာ စီးပွါးရေးကွန်ယက်အတွင်းသို့ ရခိုင်ပြည်ပေါင်းစည်ဝင်ရောက်မှု ၊ ကျူးကျော်သူကို ခုခံတိုက်ခိုက်ကာကွယ်ရေး သေနင်္ဂဗျူဟာ ချမှတ်ထားမှုတို့နှင့်လည်း ရှိနေပြီးဖြစ်သည်။
မင်းဗာဘုရင် ရခိုင်ထီးနန်းကိုမဆက်ခံမီ သူ၏ဘေးလောင်းတော် ၊ ဘိုးလောင်းတော် ၊ ရခိုင်ဘုရင်များ စိုးစံအုပ်ချုပ်ခဲ့ကြသည့် လွန်ခဲ့သောနှစ်ပေါင်း (၁၀၀) ကျော်ကာလကို ပြန်ပြောင်းသုံးသပ်ကြည့်လျှင် သေးငယ် သောရခိုင်ဘုရင့်နိုင်ငံအဖြစ်မှ ဒေသတွင်းအင်အားကြီးနိုင်ငံအဖြစ်သို့ ပြောင်းလဲတိုးတက်လာသည်ကို နားလည် သဘောပေါက်နိုင်ပါသည်။
၁၅ - ရာစုအတွင်း
ရခိုင်ပြည်သည် ဟံသာဝတီ(မွန်) နှင့် အင်းဝ(မြန်မာ) တို့၏ နယ်လုစစ်ပွဲများ အကြားတွင် မြေစာပင်ဖြစ်ခဲ့ရသည်။ မွန်တို့သည် ရခိုင်ပြည်တောင်ပိုင်း သံတွဲဒေသကို ကုန်းလမ်း ၊ ရေလမ်း နှစ်မျိုးစလုံးဖြင့် အလွယ်တကူဝင်ရောက်ခဲ့ကြပြီး ၊ မြန်မာတို့သည်ကုလားတန်မြစ်ဝှမ်း ၊ လေးမြို့မြစ်ဝှမ်းလွင်ပြင် ဒေသကို သိမ်းပိုက်ရန် အဓိကအားဖြင့် အမ်းတောင်ကြားလမ်း ၊ ဒလက်တောင်ကြားလမ်းများမှတဆင့် ဝင်ရောက်ခဲ့ကြသည်။
ဦးကုလားမြန်မာရာဇဝင်တွင် အင်းဝဘုရင်မင်းကြီးစွာစော်ကဲ(အေဒီ ၁၃၆၈ - ၁၄၀၀) သည် သူ၏ ဦးရီးတော်တဦးကို ရခိုင်ပြည်၌ မင်းအဖြစ်တင်မြှောက်ခဲ့ရာ (၇)နှစ်ကြာအောင် အုပ်ချုပ်ခဲ့သည်ဟု ပါရှိသည်။ သို့ရာတွင် ရခိုင်ရာဇဝင်လာ မင်းဆက်စာရင်းများတွင်ကား မြန်မာဘုရင်က နန်းတင်ပေးခဲ့သူ မြန်မာဘုရင်
အမည်ကို
ဖော်ပြမထားကြောင်း
တွေ့ရသည်။
၁၄ ရာစုအကုန်ကာလအတွင်း ရခိုင်ပြည်၏ ပြည်တွင်းနိုင်ငံရေး မငြိမ်သက်မှုကြောင့် မင်းဆက်စာရင်းကိုပြုစုရာတွင် နန်းသက်တိုသော ဘုရင်အချို့၏ အမည်စာရင်း ကျန်ရစ် ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
အေဒီ ၁၄၀၆ ခုနှစ်တွင်
ရခိုင်ဘုရင်နရမိတ်လှသည် နန်းစံသက်တမ်း (၂) နှစ်အကြာ၌ မြန်မာတို့၏ ကျူးကျော်တိုက်ခိုက်မှုကြောင့် တိုင်းပြည်ကိုစွန့်ခွါကာ ဘင်္ဂလားသို့ထွက်ပြေးခိုလှုံပြီးနောက် အေဒီ ၁၄၂၈ ခုနှစ် ဝန်းကျင်တွင် ဘင်္ဂလားဘုရင် (ဆူလတန်)၏ စစ်ရေးအကူအညီပေးမှုကြောင့် ရခိုင်ထီးနန်းကို သိမ်းပိုက်နိုင်ခဲ့ သည်ဟု အဆိုရှိသည်။ ရခိုင်ဘုရင်နရမိတ်လှသည် မင်းစောမွန်ဟူသောအမည်သစ်ကိုခံယူကာ မြောက်ဦး မြို့တော်ကို တည်ထောင်ခဲ့သည် ။ ထိုမြို့တော်သည် မြန်မာတို့ ရခိုင်ပြည်ကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အေဒီ ၁၇၈၅ ခုနှစ်တိုင်အောင် ရခိုင်ဘုရင်တို့နန်းစိုက်ရာ မြို့တော်ဖြစ်ခဲ့သည်။
ငမဲရာဇဝင် (ပျာသတ်ရာဇဝင်) တွင် ရခိုင်ဘုရင်နရမိတ်လှ ဘင်္ဂလားတွင်ခိုလှုံနေသည်ဆိုသော ကာလ အတွင်း သူ၏စွမ်းဆောင်ရည်ကို ဒဏ္ဍရီလာ သူရဲကောင်းဆန်ဆန်ရေးသားထားသည်။ ရခိုင်ဘုရင်နရမိတ်လှ သည် ဘင်္ဂလားဘုရင်အား ဆင်ဖမ်းနည်းကို စတင်သင်ကြားပေးခဲ့သည်ဆိုသည်မျိုးပင်ဖြစ်သည်။ ဘင်္ဂလား ဘုရင်က ဒေလီကိုစစ်အောင်နိုင်ခြင်းမှာ ရခိုင်ဘုရင်နရမိတ်လှ၏ စစ်ပရိယာယ်ကြောင့် ဖြစ်သည်ဟူ၍လည်း ရာဇဝင်ဆရာက ကြွားထားသည်။ သို့ရာတွင် ရခိုင်ဘုရင်နရမိတ်လှသည် တိုင်းပြည်ကိုစွန့်ခွါ၍ ထွက်ပြေးတိမ်း ရှောင်ရသည့်အကြောင်းများကို အခြားရာဇဝင်များတွင်လုံးဝ ဖော်ပြမထားသည်မှာ ထူးခြားနေပါသည်။
ဤဇာတ်လမ်းအဖြစ်အပျက်မျိုးမျိုးမှတဆင့် ဘင်္ဂလားနှင့်ရခိုင်ပြည်၏ဆက်ဆံရေးအခြေအနေကို ယျေဘုယျကောက်ချက်မျှပင် ထုတ်ယူနိုင်ခြင်းမရှိသကဲ့သို့ ရခိုင်ပြည်သို့ မူဆလင်များ စောစီးစွာ ဝင်ရောက်ခဲ့ သည်ဆိုသည့် အခြေအနေကိုလည်း ရှင်းလင်းစွာ မသိရှိနိုင်ပါ ။ မည်သို့ဆိုစေကာမူ ထိုခေတ်အခါက ကြားဖူး နားဝဖြင့်
စိတ်ထဲတွင်
စွဲမှတ်နေသည့်အတိုင်း
နောက်ပိုင်းကျမှ
ရခိုင်ဘုရင်နရမိတ်လှ
တိုင်းပြည်ကို
စွန့်ခွါ
ထွက်ပြေးတိမ်းရှောင်ရသည့်
အကြောင်း
စိတ်ကူးယဉ်ဇာတ်လမ်းကို
ကြံဆခြင်းပင်ဖြစ်ပါသည်။
ဤဇာတ်လမ်းတွင် ထိုကာလနှစ်များအတွင်း ရခိုင်ပြည်၏ နိုင်ငံရေးနှင့်လူမှုရေးအခြေအနေကို သိသာရုံ သိခွင့်ရပါသည်။ သို့ရာတွင်ရခိုင်ဘုရင် နရမိတ်လှ တိုင်းပြည်သို့ပြန်လာ၍ ရခိုင်မြို့တော်ဟောင်း လောင်းကြက် ထီးနန်းကိုပြန်ရစဉ် မည်သည့်တပ်ဖွဲ့များကို ရင်ဆိုင်တိုက်ခိုက်ရကြောင်း ရခိုင်ပြည်ကို မည်သည့်တိုင်းတပါးသား ဘုရင်ခံက အုပ်ချုပ်နေကြောင်းကို သမိုင်းအထောက်အထားများတွင် ဖော်ပြထားခြင်း မရှိပါ။ ရခိုင်ဘုရင် မင်းစောမွန်သည် ကုလားတန်မြစ်ဝှမ်း ၊ လေးမြို့မြစ်ဝှမ်းလွင်ပြင်ကို သိမ်းပိုက်ရရှိပြီးမှ နောက်ဆုံးတွင် ရမ်းဗြဲကျွန်းကို တိုက်ခိုက်သိမ်းယူခြင်းဖြစ်နိုင်ပါသည် ။
မင်းစောမွန်၏ညီတော် အလီခင်အဖြစ် လူသိများသူ ဘုရင်မင်းခရီး (အေဒီ ၁၄၃၄ - ၁၄၃၅) လက်ထက်တွင် ရခိုင်ပြည်ကို ပြန်လည်စုစည်းနိုင်ခဲ့သည်။ မွန်တို့၏ ထိမ်းချုပ်မှုအောက်တွင် ဆယ်စုနှစ်ပေါင်း အတော်ကြာအောင် ရောက်ရှိခဲ့သော သံတွဲဒေသကို ရခိုင်ပြည်လက်အောက်သို့ အကျပ်ပိုင် သိမ်းသွင်းနိုင်ခဲ့ သည်။ အရှေ့မြောက် ပင်လယ်ကမ်းရိုးတန်းတလျှောက်တွင် ဘုရင်မင်းခရီသည် သူ၏အာဏာစက်ကို ရာမူး အထိ တိုးချဲ့နိုင်ခဲ့သည်။
ဘုရင်ဘစောဖြူ (အေဒီ ၁၄၅၃ - ၁၄၈၁) နှင့် ဘုရင်ဒေါလျှာ (အေဒီ ၁၄၈၁ - ၁၄၉၁) လက်ထက်များ တွင် ရခိုင်ပြည်ကို ပိုတောင့်တင်းခိုင်မာစေခဲ့သည်။ အေဒီ ၁၄၅၄ တွင် ဘုရင်မင်းခရီသည် အင်းဝဘုရင် နရပတိ (၁၄၄၃ - ၁၄၆၉) နှင့်တွေ့ဆုံ၍ ရခိုင်ရိုးမတောင်၏ ရေဝေကုန်းတန်းကို နှစ်နိုင်ငံ နယ်နိမိတ်အဖြစ်သတ်မှတ် နိုင်ခဲ့သည်။ သူတို့ကို ဆက်ခံသော ဘုရင်ဘစောဖြူနှင့် ဘုရင်သီဟသူတို့သည်လည်း မင်းနှစ်ပါး ထပ်မံတွေ့ဆုံ ကာ တန်းတူရည်တူသတ်မှတ်ကြပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုတောင့်တင်းခိုင်မာစေခဲ့သည်။ မြောက်ဦး နန်းတော်တွင် မြန်မာကဗျာများကို နှစ်သင်မြတ်နိုးမှုဖြစ်ပေါ်ကာ ရခိုင်မင်းသမီးဧချင်းကဲ့သို့သော ကဗျာများကို ဖွဲ့နွဲ့သီကုံးခဲ့ကြသည်။ မြန်မာလူမျိုးရဟန်းစာဆိုများဖြစ်ကြသော ရှင်မဟာရဋ္ဌသာရနှင့် တေဇောသာရတို့ မြောက်ဦးနန်းတော်သို့ လာရောက်လည်ပတ်ကြပြီး နှစ်ပေါင်းအတော်ကြာအောင် နေထိုင်သွားကြသည်။ (ဦးဖေမောင်တင် ၊ ၁၉၈၇ ၊ စာ ၅၃-၅၄ ကိုရှုပါ) ။ မြောက်ဦးနန်းတော်သည်လည်း အင်းဝနှင့်ဟံသာဝတီတို့ ကဲ့သို့ မိမိတို့၏ သံဃာတော်အဖွဲ့အစည်းကို ပြုပြင်ပြောင်းလဲရန် သီရိလင်္ကာအပေါ် မှီခိုအားကိုးခဲ့ကြသည်။
၁၅ - ရာစုကာလအတွင်း ဘင်္ဂလားပြည်သည်လည်း ရခိုင်ဘုရင်လက်ထက် နိုင်ငံရေးအရ အသာစီးရမှု၊ အတွေးအခေါ်မှာ မင်းစောမွန်ထီးနန်းပြန်ရရန်အတွက် ဘင်္ဂလားဘုရင်၏ စစ်ကူယူခဲ့ရသည်ဆိုသော ကျေးဇူး မကင်းမှုနှင့် မလွှဲမရှောင်သာ ဆက်စပ်မှုရှိနေပါသည်။ သို့ရာတွင် သမိုင်းအထောက်အထားများကို စေ့စပ် သေချာစွာ စိစစ်လေ့လာကြည်ရာ၌ ဤအယူအဆအပေါ် ထောက်ခံချက် တစုံတရာ မရှိကြောင်းတွေ့ရပါသည်။ အထူးသဖြင့် ၁၅ ရာစု ဒုတိယသက်တမ်းကာလအတွင်း ဘင်္ဂလားဒေသ၏ နိုင်ငံရေးအခြေအနေနှင့် ကိုက်ညီမှုမရှိပါ။ ထိုအချိန်က ဘင်္ဂလားတွင် ဗဟိုချုပ်ကိုင်မှု လျော့ရဲနေချိန်ဖြစ်သဖြင့် ရခိုင်ပြည်ကို ဘင်္ဂလားတို့ ကြီးစိုးရန်မှာ ဖြစ်နိုင်စရာ လုံးဝ မရှိပါ ။
ရခိုင်ပြည်သည် နိုင်ငံရေးအရ လွတ်လပ်မှုရှိလင့်ကစား ဘင်္ဂလား၏ သြဇာသက်ရောက်မှုအလွန်ကြီး သော နိုင်ငံတခုဖြစ်ခဲ့သည်။ ထို့ကြောင့် ရခိုင်ဘုရင်များသည် မူဆလင်ဘွဲ့အမည် ခံယူကြခြင်းဖြစ်သည်။ ခုနှစ် သက္ကရာဇ်မပါသော ပါရှန်အက္ခရာ ရေးထိုးထားသည့် ရှားပါးသော ဒင်္ဂါးတချို့သည် အစစ်အမှန်များဖြစ်ခဲ့လျှင် မူဆလင်ဘွဲ့ခံ ရခိုင်ဘုရင်များက ဘင်္ဂလားပုံစံကို အတုယူ၍ ၁၅ ရာစုနှောက်ပိုင်းတွင် သွန်းလုပ်ခဲ့ခြင်းဖြစ်ပေ လိမ့်မည် ။
မူဆလင်ကုန်သည်များသည် မြောက်ဦးနန်းတော်သို့ စီးပွါးရေးအလို့ငှာ လာရောက်ခဲ့ကြရာ သူတို့နှင့် အတူပါလာသည့် မူဆလင်တရားဟောဆရာများက အစ္စလာမ်အယူဝါဒကို ဖြန့်ချီခဲ့ကြသည်။ ရခိုင်ပြည်၏ စီးပွါးရေးလုပ်ငန်းသည် လယ်ယာထုတ်ကုန်လုပ်ငန်းများကို အခြေခံသော်လည်း စစ်တကောင်းဆိပ်ကမ်းမြို့ကို ထိန်းချုပ်နိုင်ရန်အတွက် တိပူရမှ ဟိန္ဒူမင်းများ ၊ ဘင်္ဂလားမှစူလတန်များနှင့်စဉ်ဆက်မပြတ် ပြိုင်ဘက်များ ဖြစ်ခဲ့ရခြင်းမှာ အကျိုးစီးပွါးသက်သက်အတွက် ယှဉ်ပြိုင်ခဲ့ရကြောင်း ထင်ရှားနေသည်။ အင်းဝမှ ရခိုင်ရိုးမကို ဖြတ်ကျော်၍ ပတ္တမြားရောင်းချမှု ၊ ရခိုင်ပြည်မှ ဆန်တင်ပို့မှု လုပ်ငန်းများမှာ နောက်ပိုင်းခေတ်ကျမှ စတင်ခြင်း ပင် ဖြစ်ပါသည်။ သို့ရာတွင် ၁၆ ရာစု အစပိုင်း၌ ရခိုင်ကုန်သည်များ မလက္ကာသို့ ရောက်ရှိခဲ့ကြောင်းတွေ့ရ၍ ဘင်္ဂလားပင်လယ်အော် ကုန်သွယ်ရေးကွန်ယက်အတွင်းသို့ ရခိုင်ပြည်ပူးပေါင်းပါဝင်ခဲ့သည်ကို အရိပ်အမြွက် တော့ တွေ့ရပါသည်။ (Tome Pires 1944:227-9 ကိုရှုပါ)
မြောက်ဦးခေတ်အတွင်းက စစ်တကောင်းကို ရခိုင်တို့စတင်တိုက်ခိုက်သည့်နေ့ကို တိကျစွာ လေ့လာ စူးစမ်းခြင်း မပြုနိုင်သေးပါ။ ဖယ်ရာ (Phayre)က စစ်တကောင်းကို ရခိုင်တို့ နှစ်ပေါင်း (၅၀) ကြာအောင် သိမ်းပိုက်ထားရာ အေဒီ ၁၅၅၉ ခုနှစ်နောက်ပိုင်းတွင် လက်လွှတ်လိုက်ရကြောင်း ၊ ဆူလတန် အူဒင်ဘာအက်ရှား (Sultan Rukn-ud-Din Barbak Shah)
(အေဒီ ၁၄၅၉ - ၁၄၇၄)က အေဒီ ၁၄၇၃ ခုနှစ် ပတ်ဝန်းကျင်တွင် သိမ်းယူထားကြောင်း မှန်းဆထားသည်။ (Phayre 1883, 78ကိုရှုပါ) သို့ရာတွင် သမိုင်း မှတ်တမ်းများ၌ အကျဉ်းချုပ်သာ ဖော်ပြထား၍ မည်မျှကြာအောင် သိမ်းပိုက်ထားကြောင်း အတိအကျ မသိနိုင်ပေ။ (စန္ဒမာလာလင်္ကာရ ၊ ၁၉၃၂ ၊ ဒုတိယအုပ် ၊ စာ - ၃၃ ၊ Habibulla 1945,35 ကိုရှုပါ)
၁၅ - ရာစု ကုန်ခါနီးကာလတွင် ရခိုင်ပြည်၏နိုင်ငံရေးသမိုင်းသည် ရှုပ်ထွေးမှုများနှင့် ပြည့်နှက်နေခဲ့ သည်။ အထူးသဖြင့် အေဒီ (၁၅၁၃ မှ ၁၅၃၁) အကြားကာလ နန်းမွေဆက်ခံမှုမှာ ပဟေဠိဆန်လှသည်။ ထို့ကြောင့် သမိုင်းကိုရေးသော သမိုင်းဆရာများသည် ဤဆယ်စုနှစ်များကာလကို စိတ်ဝင်စားမှုနည်းပါးခဲ့ကြ သည်။ မင်းဗာဘုရင်စိုးစံသည့်ကာလ (အေဒီ ၁၅၃၁ - ၁၅၅၃) အတွင်း ကြီးကျယ်ခမ်းနားမှုကို ချီးကျူး ထောမနာပြုယင်း ဤဆယ်စုနှစ်များ၏သမိုင်းမှာ မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။ သို့ရာတွင် ဤကာလ အတွင်း ရခိုင်ပြည်တွင်စိုးစံခဲ့ကြသည့် ဘုရင်များသည်လည်း စီးပွါးရေးအမြင်ကျယ်မှု ၊ အရှေ့မြောက်ဘက် ဒေသသို့ စစ်တကောင်းထိတိုင်အောင် နယ်မြေချဲ့ထွင်ရန် ကြိုးပမ်းအားထုတ်မှုများကို တွေ့ရသည်။ (Tome Pires 1944;228 ကိုရှုပါ)
အေဒီ ၁၅၂၁ ခုနှစ်တွင် အမည်မသိသမိုင်းဆရာတဦးက ဂေါရ် (Guar) မြို့သွားမှတ်တမ်းတခုတွင် စစ်တကောင်းမြို့သည် ခိုင်ခံ့သော ခံတပ်မြို့ကြီးများရှိသော လူပေါင်းစုံရောနှောနေထိုင်သော Cosmopolitan City တစ်ခုဖြစ်ကြောင်း ၊ ထိုမြို့တွင် ပြိုင်ဘက်ကုန်သည်များသည် မိမိတို့သြဇာလွှမ်းမိုင်နိုင်ရန်အတွက် ယှဉ်ပြိုင် လျက်ရှိကြောင်း ရေးသားထားပါသည်။ (Bouchon and Thomaz 1988 ကိုရှုပါ)
စစ်တကောင်းမြို့၏အနေအထားသည် ဘင်္ဂလားပြည် ဆူလတန်ပိုင်နက်၏ အစွန်းနားတွင် တည်ရှိကာ ကုန်းတွင်းပိုင်နှင့်သဘာဝကျကျ ကာဆီးထားရာ ရခိုင်ပြည်နှင့်တိပူရပြည်နှစ်ခုစလုံးက မက်မောအောင် ဆွဲဆောင်မှုရှိသည်။ အေဒီ ၁၅၁၃ တွင် တပူရဘုရင် ဓဏမနိကျ (Dhanamanikya)က စစ်တကောင်းမြို့ကို အောင်နိုင်ခဲ့သည်။ နောက် (၂) နှစ်ခန့်အကြာတွင် ရခိုင်ဘုရင် ဂဇာပတိက စေလွှတ်သည်ဟုယူဆသော ရခိုင်တပ်ဖွဲ့များက စစ်တကောင်းမြို့ကို သိမ်းပိုက်ခဲ့ကြရာ ဘင်္ဂလားဘုရင် ဟူဆန်းရှား (Husayn Shah)(အေဒီ ၁၄၉၃ - ၁၅၁၉) ၏ သားတော် နူဆရက်ခန် (Nusrat Khan)က သိမ်းပိုက်ချိန်အထိ ထိန်းချုပ်ထားကြသည်။ ထို့နောက် အေဒီ ၁၅၁၇ ခုနှစ်တွင် စစ်တကောင်းမြို့ကို ရခိုင်တို့ပြန်လည် သိမ်းပိုက်ခဲ့ကြသည်။ ထို့နောက် အေဒီ ၁၅၁၇ ခုနှစ်တွင် စစ်တကောင်းမြို့ကို ရခိုင်တို့ ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။
ပေါ်တူဂီသမိုင်းဆရာ ဒီဘာရို (De Barros)၏ အဆိုအရ ရခိုင်ဘုရင်က အေဒီ ၁၅၁၆ - ၁၇ ခန့်တွင် စစ်တကောင်းဒေသို့ ပထမဦးစွာရောက်ရှိလာကြသော ပေါ်တူဂီတို့အား ရခိုင်ပြည်နှင့်ကုန်သွယ်မှုအတွက် လာရောက်ကြရန် လှိုက်လှဲစွာဖိတ်ကြားခဲ့သည်ဟု ဆိုသည်။ ဤဖိတ်ခေါ်ချက်ကို အေဒီ ၁၅၁၉ ခုနှစ်ခန့်က ပေါ်တူဂီ အာဏာပိုင်များထံမှ ပေါ်တူဂီဘုရင်ထံ ပေးပို့ခဲ့သည်။ ရက်စွဲမပါသော စာတစောင်တွင် အတည်ပြု ထားသည်။ (Bouchon and Thomaz 1988 ကိုရှုပါ)
ရခိုင်လူမျိုးတို့၏အစဉ်အလာတွင် မင်းဗာဘုရင်လက်ထက်ကလောက် အခြားမည်သည့်ဘုရင်ကိုမျှ ပုံကြီးချဲ့၍ ရေးသားပြောဆိုလေ့မရှိကြပါ။ နန်းတွင်းသမိုင်း မှတ်တမ်းကို မင်းဗာဘုရင်လက်ထက်တွင်မှ စတင် ရေးသားခြင်းလည်း ဖြစ်နိုင်ပါသည်။ (ခရစ် ၁၉၂၇ ခုနှစ်တွင် ဦးသာထွန်းအောင် အကျဉ်းချုပ်ရေးသားသော ရခိုင်မဟာရာဇဝင်တော်ကြီးကို ဝိမလအမတ်ကြီးက အေဒီ ၁၅၃၆ ခုနှစ်တွင် အပြည့်အစုံ ရေးသားခဲ့ကြောင်း ဖော်ပြထားသည်) မင်းဗာဘုရင်လက်ထက်တွင် ဓမ္မသတ်ကို ပြုပြင်ပြောင်းလဲခဲ့သည်။ ထို့အပြင် ဟိန္ဒူဓလေ့ ထုံးစံနှင့် အညီပြုလုပ်သော ဘုရားဝတ်ပြုခါနီးနှင့် ဝတ်ပြုပြီးနောက် ကိုယ်လက်ဆေးကြောခြင်းအလေ့ကို ပြန်လည် ဆန်းသစ်ခဲ့သည်။ (ဦးသာထွန်းအောင် ၊ ၁၉၂၇ ၊ စာ ၄၅ ၊ ၉၃ ၊ ၁၁၀ ကိုရှုပါ)
မင်းဗာဘုရင်၏ကောင်မှုတော် ရခိုင်ယဉ်ကျေးမှုအမွေအနှစ်များကို မြောက်ဦးမြို့တွင် တွေ့နိုင်ပါသေး သည်။ သျှစ်သောင်းဘုရားနှင့် အတွင်းနန်းမြို့ရိုးတံတိုင်းကဲ့သို့သော အလွန်ထူးခြားကောင်းမွန်သည့် ကျောက်ဆစ်လက်ရာ အဆောက်အဦးများပင်ဖြစ်ပါသည်။ ၁၉၉၇ - ၉၈ ခုနှစ်အတွင်းက နန်းတော်ကုန်းကို တူးဖော်ခဲ့ရာ လက်ရာမြောက်သော ကျောက်ဆစ်လက်ရာတချို့ ပေါ်ထွက်ခဲ့သည်။
ဓညဝတီအရေးတော်ပုံကျမ်းတွင် မင်းဗာဘုရင်သည် ဘင်္ဂါ (၁၂) မြို့ကို မောက်သူဇာမြို့အထိ အောင်နိုင်၍ ဒေလီဘုရင်၏ သမီးတော်တပါးနှင့် လက်ဆက်ခဲ့သည်ဟု အခိုင်အမာဆိုထားသည်။ ဤကျမ်း အလိုအရ မင်းဗာဘုရင်က ဘင်္ဂလားကိုသိမ်းပိုက်ရခြင်း၏ အကြောင်းပြချက်အဖြစ် မိမိ၏ ပိုင်နက်မြေကို ပြန်လည်တောင်းခံမှု ၊ ကျူးကျော်တိုက်ခိုက်မှုကို တရားဝင်ဖြစ်အောင် လုပ်ဆေင်ထားမှုကို တွေ့ရပါသည်။ သူ၏ ဘေးတော် မင်းစောမွန်လက်ထက်တွင် ဘင်္ဂလားဘုရင်ဆူလတန်၏ အဆက်အနွယ်များကို သူထီးနန်းပြန်ရရှိမှု အတွက် ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် ဘင်္ဂါ (၁၂) မြို့ကို ပေးအပ်ခဲ့ရသည်။ ဤကျေးဇူးတရားကို ယခုအခါ အဆုံးသတ်ခဲ့ပြီဖြစ်၍ မင်းဗာဘုရင်က မိမိပိုင်နက်မြေကို ပြန်လည်ရယူသည်ဟု ပါရှိသည်။ မင်းဗာဘုရင် လက်ထက် ရခိုင်တို့ ဘင်္ဂလားကိုကျူးကျော်သိမ်းပိုက်ခဲ့ကြောင်း ခေတ်ပြိုင်အထောက်အထားမရှိပါ။ သို့ရာတွင် အေဒီ ၁၅၃၉ - ၄၀ ပတ်ဝန်းကျင်က စစ်တကောင်းကို အောင်နိုင်ခဲ့သည်ဟု ယုံကြည်နိုင်စရာ အထောက်အထား များရှိပါသည်။ ရခိုင်တို့သည် ကုန်သည်များ၊ ကြေးစားများ ၊ စစ်သားများနှင့် ရှုတ်ရှက်ခတ်နေသော Cosmopolitan City စစ်တကောင်းမြို့ကို သိမ်းပိုက်ရရှိကာ မင်းဗာနန်းသက်ကုန်သည်အထိ ဆက်လက် ထိမ်းသိမ်းထားခြင်းလည်းဖြစ်နိုင်ပါသည်။ ပေါ်တူဂီသမိုင်းဆရာ ဒီဘာရိုက အေဒီ ၁၅၃၉ ခုနှစ်နောက်ပိုင်တွင် ဖြစ်ပွါးခဲ့သော စစ်တကောင်းမှ အဖြစ်အပျက်များကို ဘာမျှမပြောဘဲ နှုတ်ဆိတ်နေကြောင်းတွေ့ရသည်။ သို့ရာတွင်း ရခိုင်သက္ကရာဇ် ၉၀၄ ခုနှစ် (အေဒီ ၁၅၄၁) ရခိုင်စာရေးထိုးထားသော ငွေထည်ပစ္စည်းတခု တွေ့ရှိရခြင်းမှာ စစ်တကောင်းမြို့တွင် ထိုအချိန်က ရခိုင်တို့ ရောက်ရှိနေပြီးဖြစ်ကြောင်း သက်သေခံလျက်ရှိ သည်။ (Shore 1970 ကိုရှုပါ)
အာဖဂန်ရှားခန် (Afghan Sher Khan)(အေဒီ ၁၅၃၉ - ၁၅၄၅) လက်ထက် အိန္ဒိယနှင့် ဘင်္ဂလားရှိ ထိန်းရခက်သော နိုင်ငံရေးအခြေအနေကြောင့် ဘင်္ဂလားအရှေ့တောင်ပိုင်းကို ရခိုင်တို့ ကြားဝင်စွက်ဖက်ရန်နှင့် တိပူရပြိုင်ဖက်တို့အား တိုက်ထုတ်ရန် အခွင့်အခါကောင်းဖြစ်စေခဲ့သည်မှာ အငြင်သာသော အချက်ဖြစ်ပါသည်။ ထို့ကြောင့် ဓညဝတီအရေးတော်ပုံကျမ်းကို ရေးသားသူ သမိုင်းဆရာက သမိုင်းဖြစ်စဉ်၏ အခြေခံကို နားလည်ထားရာ မင်းဗာဘုရင်၏ ရည်မှန်းချက်ကို အလေးပေးဖော်ပြထားသဖြင့် ရခိုင်တို့က ဘင်္ဂါ (၁၂) မြို့ကို တိုက်ခိုက်သိမ်းယူကြောင်း ဖော်ပြချက်မှာ အကြီးအကျယ်ချဲ့ကားပြောဆိုမှုအဖြစ် မှတ်ယူ၍ စိတ်ထဲမှ ဖယ်ထုတ် ပစ်နိုင်ပါသည်။
အေဒီ ၁၅၄၃ ခုနှစ်တွင် ပေါ်တူဂီရေတပ်သင်္ဘောတစုသည် ကုလားတန်မြစ်ကိုချီတက်၍ ရခိုင်တို့အား လာရောက်တိုက်ခိုက်ခဲ့ရာ ရခိုင်တပ်ဖွဲ့များသည်မြောက်ဦးမြို့တော်အထိ ဆုတ်ခွါခဲ့ရသည်။ ရခိုင်ဘုရင်က တပ်ဖွဲ့များကို ပြန်လည်စုစည်းကာ တိုက်ထုတ်ပေးခဲ့သဖြင့် ကျူးကျော်သူတို့ ရှုံးနိမ့်ပြီး ပင်လယ်သို့ ဆုတ်ခွါ ထွက်ပြေးခဲ့ကြရသည် ။ (စန္ဒမာလာလင်္ကာရ ၊ ၁၂၉၃ ၊ ဒုတိယစာအုပ် ၊ ၄၉ ကိုရှုပါ)။ ဤတိုက်ခိုက်မှုမှာ ဂိုအာရှိ ပေါ်တူဂီအာဏာပိုင်များ၏ ကြိုတင်စီစဉ်ညွှန်ကြားမှုဖြင့် တိုက်ခိုက်ခဲ့ခြင်းမဟုတ်ဘဲ ဘင်္ဂလားနှင့်စစ်တကောင်း ဒေသတွင် အခြေချနေထိုင်ကြသော ဒေသခံပေါ်တူဂီတို့၏ အရဲစွန့်တိုက်ခိုက်မှု ဖြစ်ပုံရပါသည်။ ဤသို့ တိုက်ခိုက်ခံရမှုမှာ ရခိုင်တို့အား အဆန်းတကြယ် ဖြစ်စေခဲ့ကြောင်း ငမဲရာဇဝင်တွင် အရိပ်အမြွက် ဖော်ပြထား သည်။
၁၇ ရာစု အစောပိုင်းကာလ ရက်စွဲပါ အထောက်အထားစာများအရ
ပေါ်တူဂီတို့သည် ရခိုင်တို့နှင့် မဟာမိတ်ဖွဲ့ထားပြီး ဖြစ်ကောင်းဖြစ်နိုင်ပါသည်။
(Michael Charney; 44-45 ပါ အထောက်အထားအရ အေဒီ ၁၅၃၄ တွက်ပေါ်တူဂီတို့က ရခိုင်တို့ကိုတိုက်ခိုက်မှုသည်
ဘင်္ဂလားဘုရင်ဆူလတန်မာမွတ်နှင့် ဂိုအာရှိ ပေါ်တူဂီ အာဏာပိုင်တို့ကြား ပဋိပက္ခနှင့် ဆက်စပ်မှုရှိသည်။
အေဒီ ၁၅၃၃ တွင် ဘင်္ဂလားဆူလတန်မာမွတ်ရှားက Martin Afonso de Mello နှင့် အခြားပေါ်တူဂီ
(၃၅) ဦးကို အကျဉ်းချထားရာ ပေါ်တူဂီရေတပ် သင်္ဘောတစုက စစ်တကောင်းမြို့ကို အမြောက်ကြီးများဖြင့်
အဆက်မပြတ် ပစ်ခတ်ခဲ့ကြသည်။ အဆိုပါကိစ္စတွင် ရခိုင်တို့ မည်သို့ မည်ပုံပက်သက်ကြောင်းကို
Charney က ရှင်းပြမထားသည့်အပြင် ထိုဒေသတွင် အခြေချနေထိုင်ကြသော ပေါ်တူဂီတို့ ရောက်နေမှုကိုလည်း
သူက တာဝန်ခံချင်ပုံမရပါ)
အေဒီ ၁၅၄၆ ခုနှစ်တွင် ရခိုင်ပြည်ကို မြန်မာတို့ကျူးကျော်တိုက်ခိုက်မှုမှာ
မင်းဗာဘုရင်လက်ထက် ကြိုတင်စီမံထားသော စစ်အင်အားနှင့်ယုံကြည်မှုကို ပထမဦးစွာစမ်းသပ်မှုဖြစ်သည်။
ရခိုင်တို့က မြန်မာတို့ ကျူးကျော်တိုက်ခိုက်လာမည်ကို ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်၍
မြောက်ဦးမြို့တော်၏ ကာကွယ်ရေးစနစ် ကို စီမံဆောင်ရွက်ထားသည်။ မြန်မာတို့သည် ရခိုင်ပြည်တောင်ပိုင်း
သံတွဲဒေသကို ဦးစွာကျူးကျော် တိုက်ခိုက် ပြီးနောက် သူတို့၏ ကြေးတပ် ၊ ရေတပ်စစ်အင်အားများကို
ကုလားတန်မြစ်ဝှမ်းနှင့်လေးမြို့မြစ်ဝှမ်းဒေသတွင် ပေါင်းဆုံကြသည်။ ထို့နောက် မြန်မာစစ်တပ်၏
စစ်သေနာပတိဖြစ်သူ ဘုရင့်နောင်(နောင်တွင် သူကိုယ်တိုင် မြန်မာဘုရင်ဖြစ်လာသူ) က မြောက်ဦးမြို့တော်ကို
ဝန်းရံပိတ်ဆို့ထားသည်။ ရခိုင်တို့က အသင့်စီမံထားသော တာတမံများ ၊ ကျုံးများကို အသုံးပြု၍
မြောက်ဦးမြို့တော်၏ အနောက်ဘက်နှင့် အရှေ့တောင်ဘက်တို့ကို ရေဖုံးလွှမ်းအောင် လုပ်လိုက်ကြသည်။
မြောက်ဦးမြို့တော်သည် သဘာဝပေါက်ပင်များ ထူထပ်စွာပေါက်ရောက် နေသော တောင်ကုန်ငယ်များအကြားတွင်တည်ရှိပြီး
တောင်ဘက်တွင် ရေကန်ကြီးနှစ်ကန် (လက်ဆည်ကန် နှင့် အနော်မာကန် ) တို့က အကာအကွယ်ပေးထားသည်။
မြို့တော်ပတ်ဝန်းကျင်ရှိ တောင်ကုန်များကို အုတ် ၊ ကျောက်တို့ဖြင့် တံတိုင်းများ ကာရံထားသည်။
(စန္ဒမာလာလင်္ကာရ ။ ၁၂၉၃ ။ ဒုတိယအုပ် ။ စာ ၄၆ - ၄၈ ကိုရှုပါ) ရခိုင်တို့က ကျူးကျော်သူကိုတိုက်ခိုက်ရန်
အင်အားမတောင့်တင်း၍လည်း ဖြစ်နိုင်ပါသည်။ သို့ရာတွင် ရခိုင်တို့အတွက် ကြောက်မက်ဖွယ်ရာ
အန္တရာယ်ဖြင့် ခြိမ်းခြောက်မင်းမူနေသော မြန်မာတပ်များသည် ရိက္ခာ ပြတ်လပ်မှုနှင့် ကြုံတွေ့လာရသည့်အခါ
စေ့စပ်ညှိနှိုင်းမှုကို လက်သင့်ခံရပြီး ပြန်လည်ဆုတ်ခွါသွားကြသည်။
ရခိုင်ပြည်တွင် ရခိုင်မင်းတို့ နန်းမွေဆက်ခံနေစဉ်
ဦးကုလား၏မြန်မာရာဇဝင်လာအတိုင်း မြန်မာဘုရင် က ရွေးချယ်ခန့်အပ်သူကို တလှည့် ရခိုင်မြန်မာဘုရင်အဖြစ်
နန်းတင်ခဲ့သည်ဆိုခြင်းမှာ မှန်ကန်မှု ရှိ - မရှိ ကျေနပ်လောက်သည့် အဖြေကို မရရှိပါ။ အဘယ်ကြောင့်ဆိုသော်
ထိုကိစ္စအား ရခိုင်ရာဇဝင်တွင် တစွန်းတစမျှ ဖော်ပြမထား၍ဖြစ်ပါသည်။ (ဦးကုလား ၊ ၁၉၆၀ ကိုရှုပါ)
နောင်နှစ်ပေါင်း (၃၀) အကြာ အေဒီ ၁၅၈၀ တွင်
မြန်မာတို့က ရခိုင်ပြည်ကို နောက်တကြိမ်သိမ်းပိုက်ရန် ကြိုးစားမှုမှာ မြန်မာတို့ခွက်ခွက်လန်အောင်ရှုံးနိမ့်ခဲ့ရသည်။
ဦးကုလား၏ မြန်မာရာဇဝင်နှင့် အေဒီ ၁၆၀၇ ခုနှစ် ပတ်ဝန်းကျင်က ပေါ်တူဂီအထောက်အထားတခုတွင်
မြန်မာတပ်များ မြောက်ဦးမြို့တော်ကို တိုက်ခိုက်ရန် နီးကပ်လာစဉ် ဘုရင့်နောင် နတ်ရွာစံကြောင်းကြားသိရ၍
တပ်ဆုတ်ပြန်ခဲ့ရကြောင်း အခိုင်အမာ ဆိုထားသည်။ ရခိုင်ရာဇဝင်အထောက်အထားများအရ မြန်မာတပ်များသည်
မြောက်ဦးမြို့တော်၏ တောင်ဘက် လောင်းကြက် မြို့တော်ဟောင်းကို ကျော်လွန်အောင် ရှေ့မတိုးနိုင်ကြောင်းပါရှိသည်။
ထိုအချိန်တွင် ရခိုင်တို့သည် မိမိကိုယ်ကို ခုခံကာကွယ်နေရသည့် အနေအထားမျိုး မဟုတ်တော့ဘဲ
သူတို့ကိုယ်တိုင် ကျူးကျော်တိုက်ခိုက်သူ ၊ အောင်နိုင်သူများ ဖြစ်ခဲ့ကြပြီဖြစ်ပါသည်။
၁၆ - ရာစုအကုန်တွင် ဘင်္ဂလားနှင့် ကော်ရိုမင်ဒဲလ်
ကမ်းရိုးတန်းမှ မူဆလင်ကုန်သည်များ ၊ ပေါ်တူဂီ ကုန်သည်များသည် ရခိုင်ပြည်သို့ တိုးပွါးရောက်ရှိလာကြသည်။
သူတို့သည် ရခိုင်ပြည်၏ အဓိကပို့ကုန်ဖြစ်သော ဆန်နှင့်ဘင်္ဂါလီကျွန်များကို ဝယ်ယူကြသည်။
အိန္ဒိယမှ အထည်အလိပ်များနှင့် ဇိမ်ခံပစ္စည်းများကို ရခိုင်ပြည်သို့ တင်ပို့ကြသည်။ ထိုကိစ္စနှင့်ပက်သက်၍
ရခိုင်ရာဇဝင်တစောင်တွင် နိုင်ငံခြားရပ်မှ သင်္ဘောများ တိုးပွါးရောက်ရှိ ကြောင်း ဖော်ပြထားသည်။
ရခိုင်ပြည်ကို ဖြတ်ကျော်၍ အင်းဝနှင့် ဘင်္ဂလားပင်လယ်အော်အကြား ရောင်းဝယ် ဖောက်ကားသည့်
အဓိကပစ္စည်းများမှာ အထက်မြန်မာပြည်ထွက်ပတ္တမြားနှင့် အိန္ဒိယထွက်ချည်များဖြစ်ကြ သည်။
(Guedes 1994,201; Leider 1994;Blackmore 1985,30 ကိုရှုပါ)
ရခိုင်ပြည်သည် ‘ဓညဝတီ’ ဆိုသောစာဆိုနှင့်အညီ
ဆန်ရေစပါး ပွါးကြွယ်ဝသော နိုင်ငံတခုဖြစ်သည်။ ကုန်သွယ်ရေးကို တိုးချဲ့ဆောင်ရွက်ခြင်းဖြင့်
ရခိုင်ဘုရင်များ၏ ဓနအင်အားကို တောင့်တင်းခိုင်မာစေခဲ့သည်။ သာသနာပြုများ ၊ အနုပညာရှင်များ
၊ ကုန်သည်များ စသော နိုင်ငံခြားသားအမျိုးမျိုးတို့ တိုးပွါးရောက်ရှိလာမှု သည်လည်း အကျိုးသက်ရောက်မှုများစွာ
ဖြစ်စေခဲ့သည်။ အိန္ဒိသားများ ၊ နောက်ပိုင်းတွင် ပေါ်တူဂီတို့ထံမှ လက်နက်ထုတ်လုပ်သုံးစွဲမှု
နည်းပညာများ (Person and Das Gupta 1987, Paker 1988, Subrahmanyan 1993; တက်ထွန်းနီ
၊ ၁၉၈၅ ကိုရှုပါ ) ခံတပ်ကြီးများနှင့် စေတီပုထိုးများကို ကျောက်ကိုသုံး၍ ဆောက်လုပ် သည့်
နည်းပညာများ ရရှိခဲ့ကြသည်။ မင်းဗာဘုရင်စိုးစံသည့်ကာလ ရခိုင်ပြည်သည် နိုင်ငံရေးအရ နယ်ပယ်ချဲ့ထွင်မှု
လျင်မြန်စွာ တိုးတက်ကြီးထွားလာခဲ့သောခေတ် ဖြစ်ရုံမကဘဲ အနုပညာလက်ရာများကို ကျွမ်းကျင်စွာ
ဖန်တီးနိုင်သော ခေတ်လည်း ဖြစ်ခဲ့သည်။ သူ့ကို ဆက်ခံသူ သားတော် မင်းတိက္ခာ (၁၅၅၃ - ၁၅၅၅)
သည်လည်း ဖခင်၏လမ်းစဉ်အတိုင်း လက်ခံကျင့်သုံးခဲ့ရာ ၁၆ ရာစုကာလ ရခိုင်ဗိသုကာလက်ရာများ
အနက် အကောင်းဆုံးလက်ရာဖြစ်သော အကြီးကျယ်ဆုံး ကိုးသောင်းပုထိုးတော်ကြီးကို တည်ဆောက်နိုင်ခဲ့
သည်။ (Gutman; 2001 ကိုရှုပါ)
အေဒီ ၁၅၅၀ - ၁၅၈၀ ကာလအတွင်း ရခိုင်ဘုရင်များသည်
အေဒီ ၁၅၆၀ ခုနှစ်အစောပိုင်းတွင် စစ်တကောင်းကို သိမ်းပိုက်ထားသော တိပူရဘုရင်နှင့် ဘင်္ဂလားဆူလတန်ဘုရင်တို့၏
လက်အောက်တွင် တဗိုလ်တမင်း အင်အားကြီးထွားနေသော စစ်တကောင်းစား မူဆလင်ဘုရင်ခံများကို
ရင်ဆိုင်တိုက်ခိုက်ခဲ့ကြရ သည်။ အေဒီ ၁၅၆၇ တွင် မဂိုတပ်များက ဘင်္ဂလားနယ် အမြောက်အများကို
အောင်နိုင်ကာ ဘင်္ဂလားဆူလတန် အား အချုပ်အခြာနိုင်ငံပိုင် ဘုရင်အဖြစ် အဆုံးသတ်စေခဲ့သည်။
နောင်ဆယ်စုနှစ်များအတွင်း မဂိုဘုရင်ခံများသည်
ဘင်္ဂလားတောင်ပိုင်းနှင့် အရှေ့ပိုင်းကို ထိန်းချုပ်ထား သော ဟိန္ဒူနှင့် အာဖဂန်မြေပိုင်ရှင်
မူဆလင်များ၏ ပြင်းထန်သော ခုခံတိုက်ခိုက်မှုများကို ရင်ဆိုင် တွေ့ကြုံ ကြရသည်။ ထို့အပြင်
ဗဟိုချုပ်ကိုင်အာဏာလျော့ရဲနေမှုသည် ဘင်္ဂလားအရှေ့တောင်ပိုင်တွင် နိုင်ငံရေး ယှဉ်ပြိုင်
မှု ၊ စစ်ပွဲများ ပိုမိုတိုးပွါးလာမှုတို့ဖြစ်ပွါးအောင် တံခါးဖွင့်ပေးသကဲ့သို့ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ၁၆ ရာစုအကုန် နှင့် ၁၇ ရာစုအစပိုင်းတွင် ရခိုင်ဘုရင်တို့အနေဖြင့် အရှေ့မြောက်ဘက်သို့
နယ်မြေချဲ့ထွင်ရန် အရှေ့မြောက် ဘက်သို့ နယ်မြေချဲ့ထွင်ရန် အခွင့်အခါကောင်း ဖြစ်ပေါ်စေခဲ့သည်။
အောင်သူရကျော် ( ရက္ခိုင်
)
(ဝန်ခံချက် ။ Dr.
Jacques P.Leider ၏ “Arakan’s Ascent During The Mrauk-U Period” စာတမ်းပါ Arakan’s
rise as a reigional power; Early sixteenth-century foundations” ကို ဘာသာပြန်ဆိုပါသည်။)
ရခိုင်တန်ဆောင်မဂ္ဂဇင်း ၊ အမှတ် (၂၀) ၂၀၁၅ ခုနှစ် ။
No comments:
Post a Comment