ဦးလှစောကို ဖခင် ဦးအောင်လှဇံ၊ မိခင်ဒေါ်စံသာဖြူတို့မှ ၁၃၁၅ ခု ကဆုန်လပြည့်နေတွင် မွေးဖွားခဲ့သည့် သားကြီး သြရသဖြစ်သည်။ ငယ်စဉ်က စစ်တွေမြို့ ရူပရွာ မူလတန်းကျောင်းမှ စစ်တွေခရိုင် စတုတ္ထတန်း စကောလားရှစ် ပထမဆုကို ရရှိခဲ့သည်။ ဒသမတန်းတွင် သင်္ချာဘာသာရပ်ကို အမှတ် ၁၀၀ အပြည့် ရွှေတံဆိပ်ဆုကို ရရှိခဲ့သည့်အပြင် ဆယ်တန်းကို ဂုဏ်ထူးသုံးဘာသာဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သည်။ ရန်ကုန်မြို့ RIT ကျောင်းကို တက်ရောက်ခွင့်ရရှိခဲ့သည်။ သို့သော်လည်း တက္ကသိုလ်ကျောင်းပညာကို ဆုံးခန်းတိုင်းအောင် မသင်ယူခဲ့ရဘဲ ကျောင်းထွက်လိုက်ရသည်။ ကျောင်းသားလှုပ်ရှားမှုဖြင့် ၁၉၆၉ ခုနှစ်တွင် ၂ နှစ် ကျောင်းထုတ်ခံရလိုက်ရသည်။ ၁၉၇၅ ခုနှစ်တွင် နိုင်ငံရေးလှုပ်ရှားမှုဖြင့် စစ်ခုံရုံးမှ ထောင်ဒဏ် ၉ နှစ် ချမှတ်ခဲ့သည်။ ထောင်က လွှတ်မြောက်လာပြီး ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးတွင် စစ်ခုံရုံးဖြင့် ထောင်ဒဏ် ၁၄ နှစ် ပြစ်ဒဏ်ပေးခံခဲ့ရသည်။
၁၉၇၀ လွန်နှစ်များတွင် တက္ကသိုလ်နယ်မြေ၏ မြေအောက် ကျောင်းသားလှုပ်ရှားမှုများ၊ ခေတ်ပေါ်ကဗျာလှုပ်ရှားမှုတို့တွင် ထဲထဲဝင်ဝင် ပါဝင်လှုပ်ရှားခဲ့သည်။ ကလောင်အမည်မှာ မောင်ခိုင်အောင်(စစ်တွေ)၊ မောင်ခိုင်အောင်တို့ကို သုံးစွဲခဲ့သည်။ ခေတ်ပေါ်ကဗျာနှင့် ၀တ္ထုတို၊ ရသစာတမ်းငယ်ရေးသားရာတို့တွင် အထူးထင်ရှားသည်။
စစ်မှုတက္ကသိုလ် ၀တ္တုတိုဆု၊ မိုးမိုးအင်းလျား အမှတ်တရ ၀တ္ထုတို ပထမဆု တို့ကို ရှိခဲ့သည်။ ရခိုင်တန်ဆောင် ရခိုင်ရိုးမနှင့် လခြမ်းမြီမဂ္ဂဇင်းတို့တွင် အယ်ဒီတာအဖြစ် တာဝန်ယူခဲ့သည်။ ယခုလက်ရှိ ဖယ်ဒရယ်ဂျာနယ်တွင် အယ်ဒီတာအဖြစ် စာပေတာဝန်များကို ထမ်းဆောင်နေသည်။
ရေးသားခဲ့သော စာအုပ်များမှာ
၁။ ဒိုင်ရာစပိုရာ
၂။ အန်ဖရန့်ဒိုင်ယာရီ
၃။ မြောက်ဦးနှင့် မြောက်ဦးဗေဒ
၎။ ကျောင်း
၅။ ကင်ဗရာစာတမ်း(၂၀၁၃)
၆။ အမင် စာအုပ်တို့မှာ ထင်ရှားသည်။ တခြားစာရေးဆရာများနှင့် စုပေါင်းစာအုပ် အများအပြားကိုလည်း ထုတ်ဝေထားပြီးဖြစ်သည်။
၁၉၉၀ ခုနှစ် ကာလတွင် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်(ALD)တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ စစ်အစိုးရမှ ALD ပါတီကို တရားမ၀င် ပါတီအဖြစ် ကြော်ငြာပြီး ပါတီဖျက်သိမ်းလိုက်ရသောအခါ ပြင်ပကျူရှင်ဆရာအဖြစ် ဘ၀ကို ဖြတ်သန်းခဲ့သည်။ စစ်အစိုးရ၏ စစ်ဖိနပ်ဒဏ်ကို ကြံကြံခံလျက် တော်လှန်တိုက်ပွဲဝင်ခဲ့သည်။ ၂၀၁၀ ခုနှစ် မြန်မာ့နိုင်ငံရေးအပြောင်းအရွေ့တွင် ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP) ကို တည်ထောင်ပြီး အထွေထွေအတွင်းရေးမှူးရာထူးကို ထမ်းဆောင်ခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲမ၀င်ဘဲ RNDP ပါတီကို အဓိက ထိန်းကျောင်းခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် RNDP ပါတီနှင့် ALD ပါတီ ပူးပေါင်းရေးအတွက် အဓိက ဦးဆောင်သူဖြစ်ခဲ့သည်။ ၂၀၁၄ ခုနှစ် ဧပြီလတွင် ကျင်းပပြုလုပ်ခဲ့သည့် ရခိုင့်အမျိုးသားညီလာခံ(ကျောက်ဖြူ)ကို အဓိက ဦးဆောင်သူအဖြစ် ပါဝင်ခဲ့သည်။ ၂၀၁၅ ခုနှစ် ဒုတိယအကြိမ်မြောက် ရွေးကောက်ပွဲတွင် မြောက်ဦးမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပါဝင် ရွေးချယ်ခံခဲ့သည်။
လက်ရှိအချိန်တွင် ပြည်ထောင်စုလွှတ်တော်အတွင်း တိုက်ပွဲများတွင် အထူးထင်ရှားသည်။ ဗမာအမျိုးသားများမှ ရန်လိုသူအဖြစ် သတ်မှတ်ကြသော်လည်း ရခိုင်အများစုမှာ ဦးလှစောအား လက်ခံအားပေးကြသည်။ လက်ရှိအချိန်တွင် လူကြိုက်များသည့် နိုင်ငံရေးသမားတစ်ဦးဖြစ်သည်။
မောင်ခိုင်အောင်၏ `ကျောင်း´ ကဗျာစာအုပ်တွင် `မင်း ရန်လိုတယ်ပေါ့´ ဆရာကြီးရဲ့ ဟို့တုန်းက မေးခွန်းကို ကြားယောင်နေဆဲပါ။ အမေက သူ့ချွေးမကို တိုးတိုးလေးပြောဖူးတယ်။ သူ့သားဟာ မာနကြီး၊ ရန်လိုတယ်တဲ့။ ဖိနှိပ်သူတွေ ဖောက်ပြန်ရေးသမားတွေကို မုန်းတယ်။ အဘိဓမ္မာဟောင်း စနစ်ဟောင်း ယန္ထရားဟောင်းကို မုန်းတယ်။ ရန်လိုခဲ့တယ်။ အဟောင်းကို ရန်လိုရင်း မိမိကိုယ်တိုင် ဟောင်းနွမ်းလာခဲ့လေပြီလား။
ရန်လိုခဲ့တယ်။ ဘ၀ကို လောင်းကစားခဲ့တယ်။ အိပ်မက်နဲ့ ပျော်မွေ့ခဲ့တယ်။
ကဗျာဆရာဆိုတာ အိပ်မက်တပွေ့တပိုက်နဲ့ ၀ဋ်ထိတဲ့ လောင်းကစားသမား။
`ရှုံးဖို့ နိုင်ဖို့ထက် အိမ်မက်အရေးကြီးတယ်
ထို့ကြောင့် ကဗျာဆရာဟု ခေါ်သည်။
ကျေးဇူးပြု၍ မှတ်တမ်းတင်ပေးပါ´။ဟု ရေးသားခဲ့သည်။
လက်ရှိအချိန်မှာ ဇနီး ဒေါ်အနွဲ့ချေ၊ သမီးများ ချိုညာဏ်ဝေ၊ ဒေါက်တာဆောင်းနှင်းဝေတို့နှင့်အတူ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသည်။
ဝေဟင်အောင်
၆၊ ၁၊ ၂၀၁၇။
No comments:
Post a Comment