Sunday, May 28, 2017

ဝတ္တကမြီနှင့်သင်္ချီအကြောင်း

ဝတ္တကမြီနှင့်သင်္ချီအကြောင်း


         ဘုရားပုထိုးများ ဘုန်းကြီးကျောင်းများနှင့် အခြားသာသနာရေး အဆောက်အဦးများအတွက် အထောက်အပံ့ ဖြစ်စေရန် လှူဒါန်းသောမြေမျိုးဖြစ်သည်။ နိုင်ငံတော်သား သူဌေး သူကြွယ် ကုန်သည် လယ်လုပ်တို့လည်း မိမိတို့ ပိုင်ဆိုင်၍ လုပ်ကိုင်စားသောက်လျက်ရှိသော လယ်မြေတို့အနက် မိမိတို့ဆန္ဒရှိသည့်အတိုင်း လယ်မြေတို့ကို နယ်နိမိတ် တိုင်းတာ သတ်မှတ်ပြီး လှူဒါန်းနိုင်ကြသည်
         ယင်းအလှူတော်မြေများကို ဘုရင်ပိုင်ဆိုင်ခြင်းမှ လုံးဝစွန့်လွှတ်ပြီးလျှင် သာသနာတော်အပိုင်မြေဟု နောင်မရွှေ့ မပြောင်းစေခြင်းငှာလည်းကောင်း ထိုမှတပါး နောင်သောအခါ မင်းအဆက်ဆက်တို့ သိစေရန်အတွက်သော်လည်း ကောင်း ခုနှစ်သက္ကရာဇ်နှင့်တကွ ဖော်ပြပြီးလျှင် ကျောက်စာမော်ကွန်းရေးထိုးပြီး မင်းနှင့်တကွ အလှူပေးသော ဒါယိကာ ဒါယိကာမတို့ကို ဖော်ပြ၍ သာသနာတော်ပိုင်မြေဟုသတ်မှတ်ပြီး ထိုမှ ရရှိသမျှသော ပစ္စည်း ပစ္စယတို့ကို သာသနာတော် ဘဏ္ဍာသို့ ပို့ဆောင်ပေးသွင်းရလေသည်။
         အချို့ဘုရင်များသည် ဝတ္တကမြေအဖြစ် မိမိပိုင်မြေများကို ဘုရင်နှင့်ကျောင်းများအတွက် လှူဒါန်းရာ၌ အလုပ် အကျွေးပြုရန် ကျေးကျွန်များကိုလည်း တပါတည်းထည့်၍ လှူဒါန်းလေ့ရှိသည် ၎င်းကျေးကျွန်များကို သခ်ႌ (သဃ်ႌ) ဟုခေါ်သည် သင်္ဃျီဆိုသည်မှာ သင်္ဃိကပစ္စည်းဟူသမျှနှင့် သက်ဆိုင်သော စကားကို ဆိုလိုသည်
         ယင်းသို့လှူနိုင်သည့်ဝတ္တကမြေတွင် ဂရုဘဏ်သင်္ချီမြေနှင့်လဟုဘဏ်သင်္ချီမြေဟူ၍နှစ်မျိုးရှိသည် ဂရုဘဏ် သင်္ချီမြေဟူသည်မှာ ဆရာဘုန်းကြီးတဦးတည်းအတွက်ဖြစ်စေ သက်ဆိုင်သော ဘုရားစေတီတခုတည်းအတွက် ဖြစ်စေ ရည်မှန်း၍ လှူဒါန်းသော ပုဂ္ဂိုလ်လိကအလှူမျိုးဖြစ်သည်
         လဟုဘဏ်သင်္ချီမြေဆိုသည်မှာ ဘုရားစေတီပုထိုးများအတွက်ဖြစ်စေ သံဃာဂိုဏ်းဂဏများအတွက်ဖြစ်စေ အများနှင့်စပ်ဆိုင်သော မြေကို ခေါ်ဆိုသည်
         လဟုဘဏ်သင်္ချီမြေ(သို့) သင်္ဃိကမြေအဖြစ် လှူဒါန်းရာတွင် လယ်မြေ ဥယျာဉ်မြေ ရေတွင်း ရေကန် လမ်း သစ်သီး သစ်ပင် ကွမ်းသီးခြံ ကွမ်းခြံ ဝါခင်း စသည်တို့ပါဝင်သည်
         သင်္ချီမြေမျိုးတွင် နတ်စားသင်္ချီမြေဟူ၍လည်း ရှိသေးသည် ယင်းမြေများတွင်လည်း လယ်မြေ ဥယျာဉ်မြေ နှင့် အုန်းခင်းများပါဝင်သည် ဘုရင်မင်းမြတ်တို့ တနှစ်တခါ ပူဇော်ပသသော မြို့စောင့်နတ် ပြည်စောင့်နတ်တို့အား နတ်ရုပ် နတ်ကွန်းနှင့် နတ်ကနားပြုပြင်ရန်အတွက် လှူဒါန်းထားသော မြေ ၎င်းမြေကို နတ်စားမြေ သို့မဟုတ် နတ်စားသင်္ချီမြေဟု ခေါ်ဆိုသည် ( ဥတုနတ်ကျောက်စာ နှင့် ဝမ်းတီးကျောက်စာများတွင်တွေ့ရသည် )

Ref:ရခိုင်ပြည်နယ်ဖြစ်စဉ်သမိုင်း(တ)မှ ကောက်နှုတ်ဖော်ပြပါသည်။

No comments: