Saturday, July 15, 2017

သျှစ်သောင်းကျောက်စာတိုင်(သို့မဟုတ်)အာနန္ဒစန္ဒြကျောက်စာ (မြန်မာပြန်).......................... (ဦးရွှေဇံ)


ကျောက်စာတိုင်သည် အမြင့် ၃.၃ မီတာ(၉ပေ ၇လက်မ)နှင့် အကျယ် ဝ.၇ မီတာ (၂ပေ ၄ လက်မ) ရှိသည်။ ကျောက်တိုင်၏ မျက်နှာ (၄)ဘက်အနက် အရှေ့ ၊ အနောက်နှင့် မြောက်ဘက်မျက်နှာ (၃)ဘက်တွင် ကျောက်စာများကို ရေးထိုးထား၍ ရခိုင်ပြည်တွင်တွေ့ရသော ကျောက်စာများအနက် အရှည်ဆုံးကျောက်စာဖြစ်သည်။ အိန္ဒိယမြောက်ပိုင်းသုံး အက္ခရာတို့ဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်၏။

အရှေ့ဘက်မျက်နှာ၌ ဖတ်မရအောင် ပျက်စီးနေသော စာကြောင်းရေတစ်ရာခန့် ရေးထိုးထားသည်။ အေဒီ ၃၀၀ မှ ၆၀၀ အတွင်း ရေးထိုးထားခဲ့သည်ဟု ခန့်မှန်းကြသည်။ အနောက်ဖက်မျက်နှာရှိ ကျောက်စာမှာ စာကြောင်းရေ (၇၁) ကြောင်းခွဲရှိ၏။ စာကြောင်း လေး ၊ ငါးကြောင်းသာ ပျက်စီး၏ ။ ကျန်စာကြောင်းများမှာ ပွန်းပဲ့သွားသည့် မျက်နှာဘေးသားရှိ စာလုံးအနည်းငယ်မှတပါး အားလုံးလိုလို မှန်မှန် ကန်ကန် ဖတ်၍ရ၏ ။ အေဒီ ၈ ရာစု ပထမဝက်အတွင်းလောက်က ရေးထိုးခဲ့သည်ဟု ခန့်မှန်းကြသည် ။ မြောက်ဘက်မျက်နှာရှိ ကျောက်စာမှာ အက္ခရာပုံသဏ္ဍာန်အရ ၂ ပိုင်းရှိ၏ ။ အထက်ပိုင်းမှာ စာကြောင်း လေး ငါးကြောင်း ဖတ်မရအောင် ပျက်စီးနေပြီး အောက်ပိုင်းမှာ စာကြောင်းရေ ၆၉ ကြောင်းရှိ၏ ။ စာလုံးအများအပြားမှာ မှေးမှိန်နေ၏ ။ ကျောက်စာ၏ အထက်ပိုင်းမှာ အေဒီ ၃၀၀ မှ ၆၀၀ အတွင်းရေးထိုးခဲ့သည်ဟု ယူဆပြီး အောက်ပိုင်း၌ အေဒီ ၁၀ ရာစုသုံး ဘင်္ဂါလီအက္ခရာနှင့်ရေးထိုးထားသည်ဟု ဆိုသည် ။ တိုင်ထိပ်ရှိကျောက်စာမှာမူ စာကြောင်းရေ မခန့်မှန်းနိုင်သကဲ့သို့ အဓိပ္ပါယ်ရအောင်လည်း ဖတ်၍ မရနိုင်ပေ။ မြောက်ဖက်မျက်နှာရှိ ကျောက်စာကဲ့သို့ အေဒီ ၁၀ ရာစုဝန်းကျင်တွင် ရေးထိုးခဲ့ဟန်တူသည်။ ကျေက်ာတိုင်တစ်တိုင်၌ ဤသို့နှစ်ပေါင်းနှစ်ရာမျှစီခြား၍ ပြောင်းလဲလာသော ဗြဟ္မီပွါးအက္ခရာ (၃) မျိုးဖြင့် ရေးထိုးထားသော ကျောက်စာတိုင်မှာ ကမ္ဘာပေါ်တွင် အလွန်ရှားပေသည်။ လောလောဆယ်တွင် အနောက်မျက်နှာ ကျောက်စာကိုသာ အဓိပ္ပါယ် ပြန်ဆိုနိုင်ပြီး အာနန္ဒစန္ဒြမင်းကြီးကို ချီးကျူးဂုဏ်ပြုရေးထိုးထားသော ကျောက်စာဖြစ်၍ အာနန္ဒစန္ဒြကျောက်စာဟု အများသိရှိကြပေသည် ။

အဆိုပါကျောက်စာ(အနောက်ဖက်မျက်နှာစာ)၌ ဂါထာပေါင်း ၆၅ ဂါထာပါရှိပြီး ပထမင်းဆက်ကို ဂါထာ (၁၆) ခုဖြင့်၎င်း ၊ ဒုတိယမင်းဆက်ကို ဂါထာ (၁၄) ခုဖြင့်၎င်း ၊ တတိယမင်းဆက်ကို ဂါထာ (၁၃) ခုဖြင့်ဖော်ပြပြီး အာနန္ဒစန္ဒြမင်းကြီးအကြောင်းကို ဂါထာ (၂၀) ဖြင့် အသေးစိတ် ဖော်ပြထားပေသည် ။ အေဒီ (၈) ရာစုမှအထက် နှစ်ပေါင်းများစွာ စိုးစံခဲ့ကြသည့် ရခိုင်မင်းများစာရင်း (နန်းစံနှစ်များနှင့်တကွ အတိအကျရေ တွက်နိုင်သော မင်းပေါင်း (၃၆) မင်း ) ကို ဖော်ပြထားရာ ယင်းကျောက်စာ အဆိုကို ရခိုင်ဒင်္ဂါးများ ၊ ကျောက်စာများကလည်း မှန်ကန်ကြောင်း သက်သေခံထားပေသည်။ ထို့ကြောင့် ယင်းကျောက်စာသည် ရခိုင်ခေတ်ဦးသမိုင်းအတွက် အလွန်အရေးပါသည့် ကျောက်စာဖြစ်ပေသည် ။
(ဤကျောက်စာတိုင်ကို ဝေသာလီအရပ်တွင် စတင်တွေ့ရှိပြီး မင်းဗာဘုရင်ကြီးက သျှစ်သောင်းပုထိုးတော်ကြီးအတွင်းသို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရှိရသည်)


ဂါထာ ၄ ။ ထို့နောက် ………………….. ရေမြေ့သနင်း ဘုရင်မင်းမြတ်သည် အနှစ် ၁၂၀ စိုးစံ၏

ဂါထာ ၅။ လောက၌ ချီးမြှောက်ထောက်မခြင်းကိုသာ အာရုံစိုက်၍ ပြုလုပ်လေ့ရှိသော ( ) မြေသနင်း သည် အနှစ် ၁၂၀ မင်းပြု၏။

ဂါထာ ၆။ ထို့နောက် ……………………. အမည်ရှိသောမင်းသည် လောက …………… အနှစ် ၁၂၀ တိုင်အောင် မင်းပြုလေ၏။

ဂါထာ ၇။ ထို့နောက် တဖန်ကြောက်ရွံ့ခြင်းမဲ့၍ တည်ကြည်ပြီး ဝီရိယနှင့်ပြည့်စုံသော ဗဟုဗလီမင်းသည် အနှစ် ၁၂၀ မင်းပြုလေ၏။

ဂါထာ ၈။ ထို့နောက် အလွန်အဆင်းလှ၍ လူမှုရေး ၊ နိုင်ငံရေးကျွမ်းကျင်သော ရယုဝတီမင်းသည် အနှစ် ၁၂၀ မင်းပြုလေ၏။

ဂါထာ ၉။ ××××××× ခွန်အားဗလကြီးမားသော ( ) မင်းသည် အနှစ် ၁၂၀ မင်းပြုလေ၏။

ဂါထာ ၁၀။ ထို့နောက် သူတော်ဟု သမုတ်ထိုက်သော စနြေ္ဒာဒယမည်သည့်မင်းသည် ၂၇ နှစ်တိုင်အောင် ထီးနန်းကိုသိမ်းပိုက်၍ မင်းပြုလေ၏ ။

ဂါထာ ၁၁။ အဏ္ဏဝေတမင်းသည် များစွာသောအလှူဒါနကို အထူးထူးအပြားပြားအားဖြင့်ပေးလှူကာ ဤကမ္ဘာပေါ်၌ လောကစည်းစိမ်ချမ်းသာကို ၅ နှစ်တိုင်အောင် ခံစားပြီး နတ်ပြည်သို့ကြွမြန်း တော်မူလေ၏ ။

ဂါထာ ၁၂။ ထို့နောက် သီလမြဲမြံခြင်း ၊ ရဲရင့်ခြင်း ၊ ပညာဉာဏ်ထက်မြက်ခြင်းတို့နှင့် ပြည့်စုံသော မြင့်မြတ် သည့် …………….. မင်းသည် နှစ်ပေါင်း ၇၇ နှစ်တိုင်အောင် မင်းပြုလေ၏။

ဂါထာ ၁၃။ ထို့နောက် ရိံဘျပ္ပေါမင်းသည် အလှူဒါနများစွာပြုလျက် ဘုန်းကံကြောင့် ၂၃ နှစ်တိုင်အောင် မင်းအဖြစ်ကို စိုးမိုးအုပ်ချုပ်လေ၏ ။

ဂါထာ ၁၄။ ထို့နောက် ကူဝေရာမိဒေဝီမိဖုရားသည် ဒါန ၊ သီလ ၊ ……… ၊ ထို့နောက် ရန်သူအပေါင်း ကင်းရှင်းသော တိုင်းပြည်ကို ၇ နှစ်တိုင်မင်းပြုလေ၏ ။

ဂါထာ ၁၅ ။ ယင်းနောက် ရာဇပရိယာယ်အရာ၌ လိမ္မာကျွမ်းကျင်၍ ဘုန်းတန်ခိုးကြီးမားသော မိဖုရား၏ ကြင်ယာတော် ( ? ) သည် ဥမဝိရာမင်းသည် နှစ်ပေါင်း ၂၀ တိုင်အောင် မင်းစည်းစိမ်ကို ခံစားလေသည် ။

ဂါထာ ၁၆ ။ ထို့နောက် သတ္တဝါအပေါင်းတို့၏ အစီးအပွါးအကျိုးငှာ ပြုလုပ်ဆောင်ရွက်သော ဇဂ္နမင်းသည် မင်းအဖြစ်၌ ၇ နှစ်တိုင် မြဲစွာတည်ရှိလေ၏ ။

ဂါထာ ၁၇ ။ ထို့နောက် လကီအမည်ရှိသောမင်းသည် ၂ နှစ်မင်းပြုလေ၏ ။ ရဲစွမ်းသတ္တိရှိသော ထိုမင်း သည် အချိန်တန်သော် နတ်ပြည်သို့လားလေ၏ ။

ဂါထာ ၁၈ ။ မင်းမျိုးအနွယ်တော်ကို တည်ထောင်ခဲ့ကြသည့် မင်းတို့၏နန်းစံနှစ်အရေအတွက်ကို ဤနေရာ၌ ပြဆိုအပ်၏ ။ ဤမင်းများ၏ နန်းစံနှစ်ပေါင်းသည် ဧကန်အမှန်ပင် နှစ်ပေါင်း ၁၀၁၆ (? ၁၀၁၆) ဖြစ်၏ ။

ဂါထာ ၁၉ ။ ယင်းပြီးနောက် နောင်ကာလ၌ ကုသိုလ်ကောင်းမှုပြုခြင်း ၊ ဥစ္စပေါများခြင်း ၊ ခွန်အားဗလ ဘုန်းတန်ခိုးကြီးခြင်း ၊ ဉာဏ်ပညာကြီးခြင်းတို့နှင့်ပြည့်စုံသော ဒွေင်္စန္ဒြအမည်ရှိသော ပညာရှိမင်းသည် မင်းတကာ့မင်းဖြစ်လာ၏ ။

ဂါထာ ၂၀ ။ ဘုန်းလက်ရုံးနှင့်ပြည့်စုံသော ဘုရင်မင်းမြတ်သည် တရာ့တပါးသော မင်းအပေါင်းတို့ကို အောင်မြင်ပြီး၍ အထူးထူးသော မြို့ရိုး ၊ တံတိုင်း ၊ ကျုံးတို့နှင့် တန်ဆာဆင်သော မြို့တော်ကို တည်ဆောက်ခဲ့သည်။

ဂါထာ ၂၁ ။ နတ်ပြည်၏ လှပတင့်တယ်ခြင်းကိုပင် ပြက်ရယ်ပြုနိုင်လောက်အောင် လှပတင့်တယ်သော မြို့တော်ကို တည်ဆောက်စေပြီး၍ ကျော်စောခြင်းနှင့် ပြည့်စုံသော ထိုမင်းသည် ၅၅ နှစ်တိုင် အောင် မင်းပြုလေ၏ ။

ဂါထာ ၂၂ ။ ထို့နောက် ဘုန်းကျက်သရေရှိသည့် ရာဇစန္ဒြမင်းသည် အနှစ် ၂၀ တိုင်အောင် မင်းပြုလေ၏ ။ ဤသို့ နတ်တို့၏ စည်းစိမ်တမျှသော စည်းစိမ်ချမ်းသာကို ခံစားပြီး၍ ကမ္ဘာလောက၏ အရှင်သခင်မင်းကြီးသည် နတ်ပြည်သို့ ကြွမြန်းလေ၏ ။

ဂါထာ ၂၃ ။ ထို့နောက် ဘုန်းတန်ခိုးကြီးမားသော ကာလစန္ဒြမင်းသည် ၉ နှစ်တိုင်အောင် နန်းစံ၏ ။ နိုင်ငံရေး ၊ လူမှုရေးတို့၌ အလွန်ကျွမ်းကျင်သော ထိုမင်းသည် ကျော်စောခြင်းတည်း ဟူသော ပန်းကုံးကို သီကုံးပြီး နတ်ပြည်သို့ ကြွမြန်းတော်မူလေ၏ ။

ဂါထာ ၂၄ ။ ကမ္ဘာလောက၏အရှင် ဒေဝစန္ဒြမင်းသည် နတ်တို့၏အရှင်သခင် သိကြားမင်းကဲ့သို့တည်း ။ ထို့နောက် (ထိုမင်းသည်) ၂၂ နှစ်တိုင်အောင် မင်းပြုပြီး၍ စင်စစ်လျှင် နတ်စည်းစိမ်ကို ခံစားတော် မူ၏ ။

ဂါထာ ၂၅ ။ ထို့နောက် ယဇ္ဇစန္ဒြမင်းသည် ၇ နှစ်တိုင်နန်းစံသည်ဟု ကြေငြာထားအပ်၏ ။ ထို့နောက် စန္ဒြဗန္ဓုမင်းသည် လောက၌ ၆ နှစ်တိုင်အောင် မင်းစည်းစိမ်ကို ခံစားလေ၏ ။

ဂါထာ ၂၆ ။ ထို့နောက် ကမ္ဘာမြေပြင်အထက်၌ ပေါ်ထွန်းလာသောလမင်းကဲ့သို့ ဘူင်္မိစန္ဒြမည်သော အခြား မင်းတစ်ပါးသည် ကုသိုလ်ကောင်းမှုကြောင့် ၇ နှစ်တိုင်အောင် မင်းအဖြစ်အုပ်ချုပ် လေ၏ ။
ဂါထာ ၂၇ ။ နိုင်ငံရေး ၊ လူမှုရေးတို့၌ ကျွမ်းကျင်သော ဘူတိစန္ဒြမင်းသည် ၂၄ နှစ်တိုင်အောင် မင်းစည်း စိမ် ကိုခံစားပြီးနောက် နတ်ပြည်ချမ်းသာကိုခံစားရန် ကြွမြန်းတော်မူလေ၏။

ဂါထာ ၂၈ ။ ထို့နောက် ခိုက်ရန်ဖြစ်ခြင်းကို ပယ်ဖျောက်နိုင်သည့် ထင်ရှားကျော်ကြားသော နီတိစန္ဒြမင်း သည် မဟေန္ဒြမင်း (သိကြားမင်း) နည်းတူ (လူ့ပြည်၌) ၅၅ နှစ်တိုင်အောင် မင်းပြုလေ၏။

ဂါထာ ၂၉ ။ ထို့နောက် လူတို့၏အရှင်သခင် ဝီယ၇စန္ဒြမင်းသည် ၃ နှစ်တိုင်အောင် မင်းပြု၏။ ယင်း နောက် ကမ္ဘာလောက၏ အရှင်သခင် ပြီတိစန္ဒြသည် ၁၂ နှစ်တိုင်အောင် မင်းပြုလေ၏။

ဂါထာ ၃၀ ။ ထို့နောက် တရားတော်ကို လိုက်နာကျင့်သုံးလေ့ရှိသော ဓ္ကထွီစန္ဒြမင်းသည် မင်းစည်းစိမ်ကို ၇ နှစ်တိုင်အောင် ကောင်းစွာခံစားလေ၏။

ဂါထာ ၃၁ ။ ထို့နောက် မ္ကတိစန္ဒြမည်သောမင်းသည် ကမ္ဘာလောက၏ တည်ငြိမ်ခြင်းကိုလုပ်ဆောင်၍ လူအပေါင်းကို ၃ နှစ်တိုင်အောင် ကာကွယ်စောင့်ရှောက်ပြီး နတ်ပြည်သို့ ကြွမြန်းလေ၏။

ဂါထာ ၃၂ ။ သီဝနတ်မင်းအနွယ်မှ ဆင်းသက်ခဲ့ကြသော အလွန်မွေ့လျော်ဖွယ်ရှိသည့် လမင်းကဲ့သို့ ဤလူ့ပြည်၌ ကျော်စောခြင်းရှိ၍ စန္ဒြဘွဲ့ခံကာ မင်းစည်းစိမ်ချမ်းသာကို တင့်တယ်စွာခံစား ကြသော မင်း ၁၆ ပါးတို့၏ နန်းစံနှစ်ပေါင်းကို ရေတွက်သော် နှစ် ၂၃ဝ ဧကန်အမှန်ပင် ဖြစ်ရာ၏။

ဂါထာ ၃၃ ။ ထို့နောက် ပူရေင်္ပူရမှ လူတို့၏အရှင် မင်းမဟာပိရသည် ထိုအခါ၌ တရားတော်နှင့်အညီ ၁၂ နှစ်တိုင်အောင် မင်းပြုလေ၏။

ဂါထာ ၃၄ ။ ရဲစွမ်းသတ္တိနှင့်ပြည့်စုံသော ရေမြေသေဌ်နင်းဝြယဇပ်မည်သော ထိုမင်းသည် မင်းစည်းစိမ် ကို ၁၂ နှစ်တိုင်အောင်ခံစားပြီးသော် နတ်ပြည်စည်းစိမ်ကို ခံစားလေ၏။

ဂါထာ ၃၅ ။ ထို့နောက် သေဝိင်္ရေင်မင်းသည် ၁၂ နှစ်တိုင်အောင် မင်းပြုခဲ့သည်ဟု မှတ်သားအပ်၏။ မာဝုကကို သုတ်သင်ခဲ့သော ထိုမင်းသည် မင်းစည်းစိမ်ချမ်းသာကို ခံစားလေ၏ ။

ဂါထာ ၃၆ ။ ထို့နောက် ဓမ၇ဂူမင်းသည် တရားဓမ္မနှင့်အညီ ကမ္ဘာမြေကြီးကို စောင့်ရှောက်ခဲ့၏ ။ ဘုန်းတန်ခိုးကြီးမားသောမင်းသည် ၁၃ နှစ်ပြည့်သောအခါ နတ်ပြည်သို့ ကြွမြန်းတော်မူ လေ၏ ။

ဂါထာ ၃၇ ။ ထို့နောက် နတ်တို့၏အနွယ်မှ ဆင်သက်လာခဲ့သော စဇြဂတ္တိမင်းသည် ဘာသာတရားကို ဆည်းကပ်ခြင်း ၊ ကိုးကွယ်ခြင်း ၊ သက်ဝင်ယုံကြည်ခြင်းတို့ကြောင့် မင်းအပေါင်းတို့တွင် သိကြားမင်းကဲ့သို့ ထင်ရှားကျော်ကြားလေ၏ ။

ဂါထာ ၃၈ ။ ဒါန သီလ စသည်တို့နှင့်ပြည့်စုံလျက် ကမ္ဘာလောကတစ်ခုလုံးကို ၁၆ နှစ်တိုင်အောင် စောင့်ရှောက်အုပ်ချုပ်ပြီး၍ ထိုမင်းသည် နတ်ပြည်သို့လားလေ၏။

ဂါထာ ၃၉ ။ ထို့နောက် ဘုန်းကျက်သရေ ၊ တရားဓမ္မ ၊ အောင်မြင်ခြင်းဂုဏ်တို့နှင့် ပြည့်စုံပြီး လူတို့အား ချီးမြှောက်ထောက်ပံ့မှုကိုသာ အာရုံစူးစိုက်ပြုလေ့ရှိသော တည်ကြည်ရဲရင့်သည့် ဂြီဓမ၇ ဝိဇယမင်းသည် မင်းဖြစ်လေ၏။

ဂါထာ ၄၀ ။ (ထိုမင်းသည်) တရားဓမ္မ ၊ နိုင်ငံရေးကျွမ်းကျင်မှု ၊ အောင်မြင်ခြင်းဂုဏ်တို့ကြောင့်ပင် ၃၆ နှစ်တိုင်အောင် မင်းစည်းစိမ်ကို ခံစားပြီး၍ ရတနာသုံးပါးကို အစဉ်အောက်မေ့ခြင်း ၊ ကုသိုလ်နှင့်ယှဉ်သောကြောင့် တုသိတာနတ်ပြည်သို့ ကြွမြန်းလေ၏ ။

ဂါထာ ၄၁ ။ ထိုမင်း၏သားဖြစ်သူ သူတော်ကောင်းပုဂ္ဂိုလ်ဖြစ်သော နရေန္ဒြဝိဇယမင်းသည်လည်း ၂ နှစ် နှင့် ၉ လတိုင်အောင် မင်းစည်းစိမ်ကို ခံစားလေ၏ ။

ဂါထာ ၄၂ ။ သိဝနတ်မင်း၏ အနွယ်တော်ဖြစ်ပြီး ရန်သူအပေါင်းကိုအောင်နိုင်၍ သတ္တိ ၃ ပါး (အစိုးရခြင်း၊ လမ်းညွှန်ခြင်း ၊ စွန့်စားတတ်ခြင်း) ၌ ချစ်ခင်တပ်မက် ယုံကြည်သဖြင့် ကြီးမား သောဘုန်းတန်ခိုးကိုရရှိသော အကြင် ဝဇြဂတ္တိ၏သား ဘုန်းကျက်သရေနှင့်ပြည့်စုံသော လူတို့၏ အရှင်သူရဲကောင်း ဓမ္မစန္ဒြမင်းသည် လမင်းသဖွယ်တင့်တယ်၍ တန်ခိုးအာနုဘော် ကြီးမားခြင်း၌ ထင်ရှားကျော်စော၏ ။

ဂါထာ ၄၃ ။ ဘုန်းကျက်သရေရှိသည့် ထိုမင်းသည် ၁၆ နှစ်တိုင်အောင် မင်းစည်းစိမ်ကို ခံစားခဲ့ကာ ထူးမြတ်သောသားတော်အား အရိုက်အရာလွှဲအပ်ခဲ့ပြီးနောက် နတ်ပြည်သို့ ကြွမြန်းသွား လေ၏ ။

ဂါထာ ၄၄ ။ ထိုမင်း၏သားတော်သည် ကျော်စောခြင်းနှင့် ပြည့်စုံ၏။ ညီညွတ်ခစားကြသောမင်းတို့၏ မကိုဋ်သရဖူရှိ ရတနာပန်းကုံးတို့မှ ထွက်ပေါ်လာသော တောက်ပြောင်သည့် ကျောက်မျက် ရတနာတို့ကြောင့် စက်တော်အစုံ ကြာပဒုံသည် နီမြန်းနေ၏ ။ အာနန္ဒစန္ဒြမင်းသည် ကမ္ဘာ လောက၌ တစ်ခုတည်းသော ကျောက်စောခြင်းဖြင့် အလွန်ထင်ပေါ်ကျော်ကြားပြီး လူတိုင်း ၏ နှစ်လိုခြင်းကို ခံရ၏ ။ ရန်သူအမိုက်အမှောင်ကို ဖြိုခွင်းအောင်မြင်၏ ။ တန်ခိုးကြီး၏။

ဂါထာ ၄၅ ။ ထိုမင်းသည် အလှူပေးခြင်း၌ ကရဏမင်းနှင့်တူ၏ ။ သစ္စာတရားကိုမြဲမြံစွာစောင့်ထိန်းရာ၌ လည်း ယုဓိပိရမင်းနှင့်တူ၏ ။ ရုပ်အဆင်းအားဖြင့်မူ ပြဒျူမ္န (ကာမနတ်မင်း) ကဲ့သို့ပင် တင့်တယ်၏ ။ ဘုန်းတန်ခိုးအာနုဘော်ကြီးရာ၌ ကမ္ဘာမြေပေါ်တွင် နတ်မင်းကဲ့သို့ပင်ဖြစ်၏။

ဂါထာ ၄၆ ။ အများအကျိုးအတွက် အားထုတ်လိုစိတ်ရှိသော မင်းတကာ့မင်းသည် သတ္တဝါအပေါင်းတို့ ၏ ကောင်းကျိုးအကျင့်ကိုသိမြင်၍ အသိဉာဏ်ပွင့်လင်းစေရန်နှင့် နှစ်သက်ဝမ်းမြောက်ခြင်း ဖြင့်ပြုလုပ်သော ကုသိုလ်ကောင်းမှုများ ပွါးများစေရန် အလိုရှိသဖြင့် မင်းဖြစ်သည့် ပထမနှစ်မှစ၍ နဝမနှစ်မြောက်သည်အထိ မိမိ၏ဥစ္စာဖြင့်ကိုယ်တိုင်ပြုလုပ်သော ကောင်းမှု၊ သူတပါးတို့အားပြုလုပ်စေ၍ အနုမောဒနာခေါ်တော်မူအပ်သော ကောင်းမှုတို့ကို ပြဆိုအပ် ပေသည်။

ဂါထာ ၄၇ ။ ကျွန်ယောက်ျား ၊ ကျွန်မိန်းမ ၊ လယ်မြေ ၊ နွား ကျွဲတို့နှင့်တကွ ပြည့်စုံသော အာနန္ဒောဒယ အမည်ရှိသော ကျောင်းတော်များစွာကို ဆောက်လုပ်စေအပ်ပြီ ။

ဂါထာ ၄၈ ။ ရွှေငွေတို့ဖြင့်ပြုလုပ်အပ်သော ဘုရား ၊ ဘုရားလောင်းနှင့် စုန္ဒမထေရ်စသော တန်ခိုးကြီး ရဟန္တာများ၏ ဆင်းတုတော်များကိုလည်းကောင်း ၊ ဓာတ်တော် မွေတော်များကိုလည်း ကောင်းဌာပနာ၍ စေတီပုထိုးများကို မိမိစွမ်းအားရှိသလောက် ပြုလုပ်တည်ဆောက်အပ်ပြီ။

ဂါထာ ၄၉ ။ မြတ်စွာဘုရား၏ဆင်းတုတော်များကို ကြေးဝါ ၊ ကြေးဖြူ ၊ ကြေးနီများဖြင့် အလေးချိန် အရေအတွက် ပမာဏအားဖြင့် (မှန်ကန်စွာ) ပြုလုပ်စေအပ်ပြီ ။

ဂါထာ ၅၀ ။ ပြီးနောက် ကောင်းစွာဆေးရေးစီခြယ်အပ်သော အလွန်လှပတင့်တယ် (သပ္ပါယ်) သည့် မြတ်စွာဘုရား၏ ဆင်းတုတော် ၊ ရုပ်ပွါးတော်များကို သစ်သား ၊ ရွှံ့(အင်္ဂတေ) ကျောက်တို့ ဖြင့် မြောက်များစွာ ပြုလုပ်စေအပ်ပြီ ။

ဂါထာ ၅၁ ။ ရွှံ့ဖြင့်ပြုလုပ် မီးဖုတ်ထားသော ဆင်းတုရုပ်ပွါးတော် မြောက်များစွာတို့ကို ပြုလုပ်စေအပ်ပြီး စေတီပုထိုးမြောက်များစွာတို့ကိုလည်း တည်ဆောက်အပ်ပြီ ။ သူတော်ကောင်းတရားဆိုင် ရာ ကျမ်းဂန်များကိုလည်း အမြောက်အများ ရေးကူးစေအပ်ပြီ။

ဂါထာ ၅၂ ။ မင်းကြီးသည် ဘုန်းကျက်သရေရှိလှသည့် ဓာတ်တော်မွေတော်များကို အမြဲတစေပူဇော်ရန် အလို့ငှာ ကောင်းမြတ်သည့် ကျောက်မျက်ရတနာတို့ဖြင့် စီချယ်ထားအပ်သော ရွှေကြာပန်း၊ ငွေကြာပန်း များစွာတို့ကို သဒ္ဓါတရားထက်သန်စွာဖြင့် လှူဒါန်းပူဇော်အပ်ပြီ ။

ဂါထာ ၅၃ ။ မင်းကြီးသည် သူတော်ကောင်းတရားများကို စွဲမြဲနှစ်သက်သဖြင့် အလွန်စင်ကြယ်သော စိတ်ဖြင့် သူတော်ကောင်းတရားများကို ပူဇော်ခြင်းငှာ မြေယာများကို နေ့စဉ်နေ့တိုင်း ရွှင်လန်း ဝမ်းမြောက်စွာ ပေးလှူအပ်ပြီ ။ အားလုံးသော လူအပေါင်းတို့ကလည်း သာဓုအနု မောဒနာ ခေါ်အပ်ပြီ ။

ဂါထာ ၅၄ ။ အရပ်ရှစ်မျက်နှာမှ ကြွရောက်လာကြသော ရဟန်းတော်များအား ရိုသေလေးမြတ်သဖြင့် ကြေးသပိတ်များနှင့် ကောင်းမွန်စွာ ပိုးထည်သင်္ကန်းများကို ပေးလှူအပ်ပြီ ။

ဂါထာ ၅၅ ။ “အကျွန်ုပ်၏ဒါနပါရမီသည် သတ္တဝါတို့အပေါ်၌ မချို့တဲ့စေသတည်း” ထို့ကြောင့် သတ္တဝါ အားလုံးတို့၏ အကျိုးစီးပွါးကို အလိုရှိသည်ဖြစ်၍ ဗုဒ္ဓဘာသာဝင် ဥပသကာတစ်ဦး ဖြစ်သော်လည်း -

ဂါထာ ၅၆ ။ ဗြဟ္မဏပုဏ္ဏားနေထိုင်ရန်အတွက် မြေယာကျေးကျွန်များနှင့်တကွ တူရိယာများ ၊ တီမှုတ် သူများ ပြည့်စုံစွာပါဝင်သော ကျောင်းကြီး ၄ ကျောင်းကို ဆောက်လုပ်စေအပ်ပြီ ။

ဂါထာ ၅၇ ။ ဗြဟ္မဏပုဏ္ဏားနေထိုင်ရာ သောမတီထအရပ်တွင် အာနန္ဒမာဓဝအမည်ရှိသော ကျောင်းကို လည်းကောင်း ၊ နော်လက္ကာဟူ၍ အမည်လည်းရှိသောနေရပ်တွင် နာနန္ဒေကွရမည်သော ကျောင်ကိုလည်းကောင်း (ဆောက်လုပ်လှူဒါန်းသည်ဟု) အောက်မေ့မှတ်သား အပ်၏။

ဂါထာ ၅၈ ။ ရှေးယခင်က ဒေါမယဟုအမည်တွင်ခဲ့သော ပီလက္ကာစဍကု ဟုခေါ်သည့်အရပ်၌ အထူးထူး အပြားပြားသော ကျောင်းအာရာမ်များ ၊ တံတားနှင့်စင်္ကြန်လမ်းအစုံစုံကို ဆောက်လုပ်စေ အပ်ပြီ ။

ဂါထာ ၅၉ ။ စည်းဝေးခန်းမကြီး၌ နေ့တိုင်းနေ့တိုင်း စည်းဝေးခြင်းကို အမြဲပြုလုပ်အပ်သည်။ အလွန်လျှင် သတ်ထိုက်သော (သေဒဏ်ပေးထိုက်သော) သတ္တဝါတို့ကိုလည်း သနားကြင်နာသဖြင့် အမြဲလွှတ်အပ်ပြီ ။

ဂါထာ ၆၀ ။ ဍကင်္ဂမဂ၇င်္ဂဍုဝါရ ဟု အမည်တွင်သောအရပ်နှင့် ဘူရောကနော်လက္ကလဝါရဟု ခေါ်သည့် အရပ်တို့၌ မင်းကြီးသည် နှစ်သက်ဖွယ်ကောင်းသော ပဏ္ဍိင်္ဂနှင့် သောမာသံဃဟုခေါ်ဝေါ် သည့် ရေကန်များကိုလည်း တူးဖော်စေအပ်ပြီ။

ဂါထာ ၆၁ ။ ပညာရှိသော ထိုမင်းကြီးသည် ရှေးမင်းများတည်ဆောက်ခဲ့၍ ယခုပျက်စီးနေသော နတ်ကွန်းများနှင့် ဘာသာရေးဆိုင်ရာ အဓိကနေရာများကို အလုံးစုံအသစ်တဖန်ပြုပြင် ပြီးမြောက်စေအပ်ပြီ ။

ဂါထာ ၆၂ ။ ဂိလာမေဃမင်း၏တိုင်းပြည်ရှိ အရိယာရဟန်းသံဃာများထံသို့ တရားပလ္လင် ၊ ကောင်းမြတ် သော ဆင်မယဉ်သာတစ်ကောင်နှင့် ပိုးသင်္ကန်းတို့ကို ပို့လွှတ်တော်မူအပ်ပြီ ။

ဂါထာ ၆၃ ။ နတ်မျိုးနွယ်တို့မှ ဆင်းသက်ခဲ့သော ထိုမင်းကြီး၏ ကျော်ကြားသည့် ရဲရင့်ခြင်းဂုဏ် ၊ ဘာသာတရားတို့နှင့် ကျောက်စောခြင်းတို့ကို နှစ်သက်သဖြင့် ရိုသေလေးမြတ်စွာ ဦးညွတ် သော ဘုန်းကျက်သရေရှိသည့် တာမြကတ္တနပြည့်ရှင်မင်းက မိမိ၏ သမီးတော် ဓေန္ဒာကို အလွန်ရိုသေစွာဖြင့် (အာနန္ဒစန္ဒြမင်းအား) ဆက်သအပ်ပြီ ။

ဂါထာ ၆၄ ။ ဘုန်းကျက်သရေရှိသည့် တရားသဖြင့် အုပ်စိုးသောမင်းတို့၏ အမျိုးအနွယ်မှ ဆင်းသက် သော အာနန္ဒမင်းကြီး၏ “ တရားသဘော ၊ အကျိုးစီးပွါးနှင့် ယှဉ်အပ်သော ၊ ရဲရင့်ခြင်း (မြတ်သော) အမျိုးအနွယ် ၊ ပေးကမ်းစွန့်ကြဲခြင်း စသည့်ဂုဏ်တို့နှင့် လွှမ်းမိုးနေသည်လည်း ဖြစ်သော” အမိန့်စကားတော်ကို ကြားနာရလေသော် (သဖြင့်)

ဂါထာ ၆၅ ။ ရိုသေကျိုးနွံစွာဖြင့် (အာနန္ဒစန္ဒြမင်း၏) အမိန့်တော်ကို နာခံလေ့ရှိသော (အာနန္ဒစန္ဒြမင်း၏) မိတ်ဆွေကောင်းအဖြစ်သို့ ရောက်ရှိလာသော ၊ ဂဲဝ-န္ဒြမျိုးနွယ်မှ ဆင်းသက်ခဲ့သော ဘုန်းတန်ခိုးကြီးမားသော ဘုန်းကျက်သရေနှင့်ပြည့်စုံသော “မနောဓီရ” မင်းသည် -

ဂါထာ ၆၆ ။ ဂြီပတ္တန (ဂြီတာမြပတ္တ) အမည်ရှိ မိမိ၏ မြို့တော်နှင့် သက်ဆိုင်သည့် နယ်မြေအတွင်း၌ ရေတွင်းနှင့် ကျောင်း၂ကို အလျှင်အမြန်ပြုလုပ်စေပြီးလျှင် မိန်းမများ၏ ရတနာဖြစ်သော မိမိ၏ သမီးတော် ဓေန္ဒာကို အတုမရှိသော ဥစ္စာရတနာများနှင့်တကွ အလွန်ရိုသေမြတ်နိုး စွာဖြင့် ဤအရပ်သို့ (အာနန္ဒစန္ဒြမင်းထံသို့) ပို့လွှတ်ဆက်သအပ်ပြီတည်း ။

Ref: ရွှေဇံ(ဦး) ၊ သမိုင်းခေတ်ကာလပိုင်းခြားမှု မြေကြီးက သက်သေတည်သရွေ့၊ ပထမအကြိမ် ၊ ၂၀၀၆ ဇူလိုင် ၊ ဦးကျော်ဟင်း(ယုံကြည်ချက်စာပေ) မှ ထုတ်ဝေသည်။

https://www.facebook.com/centralconceptionforarakan/?ref=bookmarks
 
 https://www.blogger.com/blogger.g?blogID=5094077038424973182#editor/target=post;postID=6099313813197799314

No comments: