ရခိုင်မှတ်တမ်းများအရ သီရိလင်္ကာနှင့်ရခိုင်ပြည်တို့သည် ၂
ရာစုအေဒီမှစတင်ပြီး ဘာသာရေးဆက်ဆံမှု များ ရှိခဲ့ကြသည်ဟုဆိုသည်။
သူရိယသီရိမင်း (၂၀၁ - ၂၂၁ အေဒီ) လက်ထက်တော်ကာလ၌ ရခိုင်ဘုန်းတော်ကြီး ၁၂
ပါးကို ဉာဏသိရီမဟာထေရ်မြတ်အားဦးဆောင်စေလျက် သီရိလင်္ကာနိုင်ငံသို့
သာသနာပြုရန်စေလွှတ်ခဲ့ကြောင်းကို ဖော်ပြထားသည်။ ဤအကြောင်းနှစ်ရပ်သည်
နှစ်နိုင်ငံကြား ပထမဦးဆုံး အကြိမ် သာသနာရေးဆိုင်ရာဆက်ဆံမှုဖြစ်ပေသည်။
စူဠဝံသရာဇဝင်ကျမ်းအရ ပထမမြောက် ဝိဇယဗာဟုမင်း လက်ထက်တွင် ရာမညပြည်ရှင်
အနုရုဒ္ဓဘုရင် (မျက်မှောက်ခေတ် အောက်မြန်မာနိုင်ငံ) ဆီသို့ လက်ဆောင်
ပဏ္ဏာများဆက်သကာ ကျူးကျော်ဝင်ရောက်လာသော ကိုလလူမျိုးများ၏ရန်ကို
ကာကွယ်ပေးရန် စစ်ကူတောင်း ခဲ့ကြောင်း ဖော်ပြထားသည် ။ အနုရုဒ္ဓမင်းထံမှ
အကူအညီပေးပို့ကြောင်းကိုမူ မှတ်တမ်းမှတ်ရာများ၌ မတွေ့ရချေ။ သမိုင်းသုတေသီ
ကေအဲလ်ဟာဇုရ၏အဆိုအရ ဤအချိန်၌ အောက်မြန်မာနိုင်ငံတွင် ထေရဝါဒ ဗုဒ္ဓဘာသာ
သာသနာတော်မှာ ဖွံ့ဖြိုးတိုးတက်လျက်ရှိကြောင်း ဖော်ပြထားသည်။ (အေဒီ ၁၀၅၇)
တွင် သထုံနိုင်ငံအား ပုဂံမှ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်ခြင်းသည်
မြန်မာ့သမိုင်း၌ မှတ်တိုင်သဖွယ် ကျန်နေပေ သည်။ ပုဂံသည်လည်း
အရှေ့တောင်အာရှတွင် ကျော်ကြားလှသော ဗုဒ္ဓဘာသာတို့၏ ဗဟိုဌာနဖြစ်လာခဲ့သည်။
တခေတ်တည်းမှာပင် ရခိုင်ပြည်သည်လည်း ဗုဒ္ဓမြတ်စွာဘုရား၏ စစ်မှန်သောတရားတော်မြတ်ကို ကျင့်သုံးရာနိုင်ငံဖြစ်သည်ဟု ကျွန်ုပ်တို့ ယုံကြည်မိပါသည်။ ရခိုင်သမိုင်းမှတ်တမ်းများက ရခိုင်နှင့်သီရိလင်္ကာ နှစ်နိုင်ငံကြား သာသနာရေးဆိုင်ရာ ဆက်ဆံမှုများရှိသည်ကို ဖော်ပြသော်လည်း သီရိလင်္ကာနိုင်ငံဘက်မှမူ ဤကိစ္စရပ်၌ ရေငုံလျက်ရှိနေပေသည်။
ရခိုင်သမိုင်းများက ဖော်ပြသည်မှာ သာသနာရေးကိုယ်စားလှယ်အဖွဲ့များကို သီရိလင်္ကာနိုင်ငံသို့ ဒသရာဇာမင်းကြီးလက်ထက် (၁၁၂၃ - ၁၁၃၉) က စေလွှတ်ခဲ့ကြောင်းကို ဖော်ပြကြသည်။ အခြား ရခိုင်သမိုင်း မှတ်တမ်းတခု အဆိုအရ အတုလဝိဇယမဟာထေရ် အမှူးပြု၍ သံဃာတော် ၂၇ ပါးကို သီရိလင်္ကာနိုင်ငံဆီသို့ ဒသရာဇာမင်းကြီးက စေလွှတ်ခဲ့ကြောင်းအား ဖော်ပြထားပါသည်။
ဤသမိုင်းအထောက်အထားနှင့်ပက်သက်၍ ပေလိက္ကာရအရပ်ရှိ ပေါလန္နရုဗကျောက်စာ (၁၁၃၇ - ၁၁၅၇ အေဒီ) တွင် သာသနာတော်သန့်ရှင်းရေးတရပ်အား စေလွှတ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ကျောက်စာတွင် ဝိဇယဗာဟု ၁ လက်ထက်တွင် အရုမန္နနိုင်ငံမှသံဃာတော်များ၏ အကူအညီဖြင့် သာသနာတော် သန့်ရှင်းရေး စီမံကိန်းတရပ်ကို သီရိလင်္ကာနိုင်ငံရှိ သံဃာဂိုဏ်း ၃ ဂိုဏ်းအား ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားသည်။ အရုမန္နနိုင်ငံမှာ ရခိုင်မှတပါး အခြား မည်သည့်နိုင်ငံမှ မဖြစ်နိုင် ။
ထို့နောက် မဇ္ဈသိဝိမင်းကြီးအားဆက်ခံသော သားတော် ငရမန်လက်လက် (၁၁၆၆ အေဒီ) တွင် သံဃာတော် ၃၆ ပါးကို ဥတ္တရမထေမြတ်ဦးဆောင်စေလျက် ပထမမြောက် ပရက္ကမဗာဟု (၁၁၅၃ - ၁၁၈၆) မင်းထံသို့ သာသနာပြုရန်စေလွှတ်ကြောင်းဖော်ပြထားသည်။ သို့သော် ပထမမြောက် ဝိဇယဗာဟုမင်းတို့ လက်ထက် သီရိလင်္ကာနိုင်ငံ၏အခြေအနေမှာ အမှောင်ခေတ်၌ ကျရောက်နေချိန်ဟု ကျွန်ုပ်က ယူဆမိပါသည်။ ကေအဲလ်ဟာရုရ အဆိုအရ ဤအချိန်ကာလတွင် မြန်မာတို့ဘက်မှ မှတ်တမ်းများဖြစ်သော သာသနဝံသ၌ လည်းကောင်း၊ သီရိလင်္ကာတို့ဘက်မှ စူဠဝံသ၌လည်းကောင်း မြန်မာနှင့်သီရိလင်္ကာနှစ်နိုင်ငံကြား သာသနာရေး သော်လည်းကောင်း ၊ နိုင်ငံရေးသော်လည်းကောင်း ဆက်နွယ်မှုရှိသည်ကို ဖော်ပြခြင်းမတွေ့ရဟု ဆိုပါသည်။
ကြီးကျယ်ခန့်ညားလှသော မြောက်ဦးခေတ်သည် ၁၅ ရာစုမှနေ၍ ၁၇ ရာစု အစပိုင်းသို့ ရောက်ရှိခဲ့သည်။ ဤခေတ်တွင် ရခိုင်နှင့်သီရိလင်္ကာနှစ်နိုင်ငံကြားသာသနာရေးပူးပေါင်းကူညီမှု သမိုင်းမှတ်တမ်း တရပ်ကို စိုက်ထူနိုင်ခဲ့သည် ။ နိုင်ငံရေး ၊ ယဉ်ကျေးမှုနှင့် ဘာသာရေးဆိုင်ရာ နီးနီးကပ်ကပ် ဆက်ဆံမှုများသည် ဤနှစ်နိုင်ငံကြား ရှိခဲ့ပုံကို သက်သေထူလျက်ရှိပေသည်။ ရခိုင်ဘုရင် ဘစောဖြူမင်း(၁၄၅၀ - ၁၄၈၂) လက်ထက် သီရိလင်္ကာနိုင်ငံမှ ပိဋကတ် သုံးပုံကို ၁၄၇၆ အေဒီ၌ လက်ခံရရှိခဲ့ကြောင်း အရှင်သိဒ္ဓတ္ထမထေရ် အား သီရိလင်္ကာနိုင်ငံသို့ စေလွှတ်ခဲ့ပါသည်။ သီရိလင်္ကာ ကဒါဒိုရာ မြေလှူမှတ်တမ်းပေစာအရ ၁၆ ရာစု အေဒီ တွင် ရက္ခိုင်ဂပူရ နှင့် သီရိလင်္ကာနှစ်နိုင်ငံကြား အပြန်အလှန် သာသနာပြုခြင်းများ ရှိခဲ့သည်ဟု ညွှန်ပြသည်။ ဤကြောင်းရပ်ကို စူဠဝံသ ၊ စူဠပုဇဝါလိယနှင့် နာရန္ဒြ စာရိတ္တဝလောက ပရဒီပိကာဝတို့တွင်လည်း ဖော်ပြထား ကြသည် ။
ပထမမြောက် ဝိမလဓမ္မသူရိယဘုရင် (၁၅၉၂ - ၁၆၀၄) လက်ထက်တွင် သီရိလင်္ကာနိုင်ငံ၌ ရခိုင်မှ သံဃာတော်များဖြင့် အစားထိုးရန်လိုအပ်သဖြင့် ရက္ခပူရ ရခိုင်ပြည်သို့ မစ်ရှင်တစ်ခုစေလွှတ်ပြီး နန္ဒိစက္ကမထေရ် အား ပင့်ဖိတ်တော်မူသည်။ နန္ဒိစက္ကမထေရ်၏ ကျော်ကြားမှုမှာ ရခိုင်ပြည်တဝှန်းလုံးတွင်မက သီရိလင်္ကာနိုင်ငံသို့ ပင် ကျော်ကြားခဲ့ဟန်တူသည်။ ဤအချိန်ကာလသည် မြန်မာနိုင်ငံ၌ နန္ဒာဘုရင်လက်ထက်ကာလဖြစ်ပြီး ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံဖြစ်သော ပဲခူးနိုင်ငံတော်ကြီးမှာလည်း အငတ်ဘေးကြောင်းလည်းကောင်း၊ အတွင်း ပဋိပက္ခများကြောင့်လည်းကောင်း အစိတ်စိတ်အမွှာမွှာကွဲလျက် မိုးခေါင်ရေရှား ဘေးဆိုက်ကပ်ကာ လူဦးရေ နည်းပါးနေချိန်ဖြစ်သည်။ ထိုအချိန်ကာလသည် ရခိုင်ပြည်၌ မင်းခေါင်ရာဇာ (၁၆၂၁ - ၁၆၃၁) စိုးစံနေချိန်ကာလ ဖြစ်သည်။ ဘုရင်မင်းမြတ်ကြီးသည် ၎င်း၏သားတော် မင်းဗာအားတာဝန်ပေးတော်မူ၏။ မင်းဗာမင်းသားသည် သံတွဲမှ တေဇောသာရမထေရ်မြတ်နှင့် မြောက်ဦးမှဓမ္မဝိလာသမထေရ်မြတ်နှစ်ပါးကို ရွေးချယ်တော်မူပြီး သီရိလင်္ကာနိုင်ငံသို့ သာသနာပြုရန် စေလွှတ်တော်မူခဲ့သည်။ သီရိလင်္ကာမှ ဘုရင်ကြီးသည်လည်း သံဃာတော် မြတ်နှစ်ပါးကို လှိုက်လှဲပျူငှာစွာကြိုဆိုခဲ့သည်။ သံဃာတော်နှစ်ပါးအပြန်တွင် အံတော်တစ်ဆူကိုလည်း ချီးမြှင့် တော်မူလိုက်သည်။
ဘုရင်မင်းရာဇာကြီးလက်ထက်တော်ကာလ၌လည်း လက်ဆောင်ပဏ္ဏာများနှင့်အတူ သီရိလင်္ကာနိုင်ငံမှ မစ်ရှင်အဖွဲ့တစ်ဖွဲ့ ရောက်ရှိခဲ့သည်။ မင်းကြီးသည် စန္ဒြဝိလာသမထေရ်မြတ်အား ဦးဆောင်စေ၍ ရဟန်းသံဃာ အပါး ၂၀ အား သီရိလင်္ကာနိုင်ငံသို့ သာသနာပြုရန် စေလွှတ်ခဲ့ပြန်သည်။ ရခိုင်မှသံဃာတော်များသည် သီရိလင်္ကာနိုင်ငံသို့ ၁၅၆၃ ခု ၊ နိုဝင်ဘာလတွင် ဆိုက်ရောက်ခဲ့၍ သာသနာတော်သန့်ရှင်းရေးတရပ်ကို ဥဒကုက္ခေပသိမ်တော်၌ ဥပသမ္ပဒ ရဟန်းခံတော်ပွဲတရပ်ဖြင့် ဆင်ယင်ကျင်းပတော်မူခဲ့သည် ။
စူဠဝံသနှင့် သာသနဝံသကျမ်းများတွင် ဝိမလဓမ္မသူရိယမင်းလက်ထက် ရခိုင်နှင့်သီရိလင်္ကာ နှစ်နိုင်ငံကြား သာသနာရေးအပြန်အလှန်ဆက်ဆံမှုများရှိခဲ့သည်ဟု အရေးပါသက်သေတင်ထားသော မှတ်တမ်း များတွေ့ရှိခဲ့သည်။ စူဠဝံသနှင့် သာသနဝံသကျမ်းများ၌ သီရိလင်္ကာမှသံတမန်များ ရက္ခိုင်ဂပူရ သို့ ရောက်ရှိသည်ကို ဖော်ပြပြီး ရခိုင်သံဃာတော်များနှင့် သီရိလင်္ကာရှိ သံဃာတော်များနေရာတွင် ပင့်ဖိတ်အစားထိုးကြောင်း ဖော်ပြသည်။
သီရိလင်္ကာဘုရင်ကြီး ဒုတိယမြောက် ဝိမလဓမ္မသူရိယ စေလွှတ်လိုက်သော ဘာသာရေးမစ်ရှင်အဖွဲ့၏ သတင်းစကားကို လက်ခံရရှိပြီးနောက် ရခိုင်ပြည်ရှင် မာရုပ္ပီယ (၁၆၀၆ - ၁၆၉၇) သည် သတ္တဌာနကျောင်း တော်မှ ဣန္ဒမဉ္ဇူ မထေရ်မြတ်အား ဦးဆောင်စေပြီးသီရိလင်္ကာနိုင်ငံသို့ ၁၆၉၆ ခုနှစ်တွင် သာသနာပြုရန် စေလွှတ်ခဲ့သည်။
သံဃာတော်နှစ်ပါးအနက် နန္ဒိစက္ကဆရာတော်မှာ ဦးဆောင်မဟာထေရ်ဖြစ်ပြီး သီရိလင်္ကာပြည်သူပြည် သားအထဲတွင် ထင်ရှားကျော်ကြားသည်။ ထိုသို့ကျော်ကြားရခြင်းမှာလည်း သီရိလင်္ကာနှင့်ရခိုင်ပြည်ကြား နီးစပ် သော သာသနာရေးဆက်ဆံမှုများကြောင့်ဖြစ်သည်။ ကြီးကျယ်သောအခမ်းအနားနှင့်တကွ သာသနာရေးမစ်ရှင် အဖွဲ့အား ကြိုဆိုရပြီး နန္ဒိစက္ကမထေရ်မြတ်ကို အမှူးပြု၍ ဥပသမ္ပဒ ရဟန်းခံပွဲအခမ်းအနားတရပ်ကို အေဒီ ၁၆၉၆ ပေရဒါနိယအနီးရှိ ဂေတမ္ဗေအရပ်ရှိ မဟာဝါဠုဝဂင်္ဂါ သို့မဟုတ် မဟာဝလိဂင်္ဂါမြစ်ထဲ၌ တည်ထားတော်မူသော ဥဒကုက္ခေပ သိမ်တော်ကြီး၌ ပြုလုပ်ကျင်းပတော်မူ၏။ ဘုရင်ဆွေတော်မျိုးတော်အပေါင်းနှင့်တကွ မှူးတော် မတ်တော်အပေါင်းများလည်း ရဟန်းခံပွဲမင်္ဂလာဖြင့် ချီးမြှောက်တော်မူကြသည်။ ထို့ကြောင့် သီရိလင်္ကာနိုင်ငံ၌ ရှိသော ဗုဒ္ဓဘာသာသံဃာတော်များသည် ရခိုင်ပြည်မှ သံဃာတော်များနှင့် ဥပသမ္ပဒ ရဟန်းခံပွဲမင်္ဂလာ အခမ်းအနားနှင့် သိက္ခာတော်ထပ်ပွဲသဘင် ကျင်းပခဲ့ကြသည်။
ရခိုင်နှင့်သီရိလင်္ကာနှစ်နိုင်ငံကြား သာသနာရေးအပြန်အလှန်ဆက်ဆံသော စာပေမှတ်တမ်းများကို သီရိလင်္ကာနိုင်ငံ ဥဒဟေဝဟတ္ထ ဂန္နဝေကိုရာလေ အရပ်ရှိ ကာဒေဒိုရဝိဟာရကျောင်းတော်မှ ရှာဖွေတွေ့ရှိခဲ့ သည်။ စူဠဝံသရာဇဝင်ကြောင်း၌မူ စန္ဒဝိလာသမထေရ်ကို ရည်ညွှန်းခြင်းမရှိဘဲ နန္ဒိစက္ကမထေရ်ကိုသာ ရည်ညွန်း သည် ။ သုလုပါးဝါလိယ ရာဇဝင်ကျမ်းကမူ မထေရ်မြတ်နှစ်ပါးစလုံးကို ဖော်ပြထားသည်။
အထက်ဖော်ပြပါ အထောက်အထားများအရ (၁၆) ရာစုနှင့် (၁၇) ရာစုအေဒီနှစ်များတွင် ဗုဒ္ဓဘာသာ ကိုးကွယ်သော သီရိလင်္ကာနိုင်ငံသည် ပြည်တွင်းပဋိပက္ခများဖြင့်လည်းကောင်း ၊ ပြည်ပမှဝင်ရောက်ကျူးကျော်မှု ကြောင့်လည်းကောင်း ၊ ဘေးဒုက္ခအန္တရာယ်နှင့် ရင်ဆိုင်နေခဲ့ရကြောင်းကို သိရှိနိုင်ပေသည်။ ရခိုင်သည် သီရိလင်္ကာနိုင်ငံ၏ အဆင့်မြင့်သော သာသနာရေးဆိုင်ရာမင်္ဂလာအခမ်းအနားအပြင် အဆင့်မြင့်ရဟန်းခံပွဲများ ဖြင့် သာသနာတော်ပြန်လည်ရပ်တည်ရေး၌ ပါဝင်ကူညီခဲ့သည် ။
ယနေ့သီရိလင်္ကာနိုင်ငံ၏ ထေရဝါဒဗုဒ္ဓသာသနာတော်သည် ကမ္ဘာတဝှန်းလုံးသို့ ပျံ့နှံ့လျက်ရှိနေပေပြီ။ သီရိလင်္ကာနိုင်ငံ၏ တိုးတက်စည်ကားလျက်ရှိသော ဗုဒ္ဓသာသနာတော်မှာလည်း ယခုအခါ အခိုင်အမာ တည်တံ့လျက်ရှိနေပေပြီ။ သီရိလင်္ကာနိုင်ငံသား အနာဂါရိယဓမ္မပါလကြောင့် ကမ္ဘာကျော် မဟာဗောဓိအသင်း ကြီးကိုလည်း တည်ထောင်နိုင်ခဲ့သည့်အပြင် စာပေပရိယတ္တိလိုက်စားသော ရဟန်းသံဃာတော်များ၏ ကြိုးပမ်းမှု ကြောင့် ကမ္ဘာ့အရှေ့ဘက် နိုင်ငံများအပြင် အနောက်နိုင်ငံများသို့ပင် သာသနာပြုလုပ်ငန်းများကို သယ်ပိုးဆောင်ရွက်နိုင်ချေပြီ။
ဤသို့ဗုဒ္ဓသာသနာတော်သည် ကမ္ဘာတဝှန်းလုံးသို့ ပဲ့တင်ထပ်မျှ ပျံ့နှံ့နိုင်ရခြင်းအကျိုးကျေးဇူးမှာ ရခိုင်ပြည်နှင့် သီရိလင်္ကာနိုင်ငံတို့ကြား သာသနာရေးဆက်သွယ်မှုများကြောင့် ဖြစ်ပေါ်လာရသည်ကို သတိမပြု ဘဲ ရှိနိုင်ပါမည်လော။

(အသျှင်ဥက္ကံသသည် အိန္ဒိယနိုင်ငံ ကာလကတ္တားတက္ကသိုလ် ရှေးအိန္ဒိယသမိုင်းနှင့် ယဉ်ကျေးမှုဆိုင်ရာ သုတေသနပညာရှင်တစ်ဦးဖြစ်သည် ။ ၁၉၉၀ ပြည်နှစ်တွင် စစ်တွေမြို့သို့ကြွရောက်ခဲ့စဉ်က ဤဆောင်းပါး (အင်္ဂလိပ်ဘာသာ) ကို ချီးမြှင့်ခဲ့ခြင်းဖြစ်သည် )
အောင်ဇံ
(ဘာသာပြန်သူ)
(ဘာသာပြန်သူ)
No comments:
Post a Comment