Thursday, August 31, 2017

စွယ်စုံပညာရှင် ဦးမေအောင်


ကိုလိုနီခေတ် မြန်မာ့သမိုင်းတွင် စွယ်စုံ ထူးချွန်သော ပညာရှင် တစ်ဦး မှာ ဦးမေအောင် (၁၈၈ဝ – ၁၉၂၆) ဖြစ်သည်။ ဦးမေအောင်သည် ကိုလိုနီခေတ် မြန်မာ့နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ တရားရေး၊ ပညာရေးနှင့် စာပေ ယဉ်ကျေးမှု နယ်ပယ် အသီးသီးတွင် ရှေ့တန်းမှ ဦးဆောင်ဦးရွက် ပါဝင်ခဲ့သူ တစ်ဦး ဖြစ်သည်။ ဦးမေအောင်သည် နိုင်ငံရေးနှင့် ပတ်သက်လျှင် မြန်မာ့ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းတွင် အလွန် အရေးပါခဲ့သော ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏ ယုဝအသင်း (၁၉ဝ၆) ကို ပြုစုပျိုးထောင်သူ၊ ရန်ကုန်မြို့တွင် ပထမဆုံး အကြိမ် ကျင်းပသော ဝိုင်အမ်ဘီအေ အသင်းများ အစည်းအဝေးတွင် ချယ်ယာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သူ၊ ၁၉၁၇ ခုနှစ်တွင် ကာလကတ္တားသို့ အန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူနှင့် သွားရောက် တွေ့ဆုံရန် ဝိုင်အမ်ဘီအေမှ ရွေးချယ် စေလွှတ်သော ကိုယ်စားလှယ် အဖွဲ့ဝင် အဖြစ် သွားရောက်ခဲ့သူ တစ်ဦး ဖြစ်သည်။
အုပ်ချုပ်ရေး နယ်ပယ်တွင် အစိုးရ ရှေ့နေ တစ်ဦး အဖြစ် လည်းကောင်း၊ ဒိုင်အာခီ အုပ်ချုပ်ရေးတွင် ဒုတိယမြောက် ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် လည်းကောင်း ဆောင်ရွက်ခဲ့သည်။ တရားဥပဒေ လောကတွင် ထူးချွန် ထက်မြက်သော ဝတ်လုံတော်ရ၊ တရားသူကြီး၊ တရားလွှတ်တော် တရားဝန်ကြီး၊ မြန်မာ ဗုဒ္ဓဘာသာ တရားဥပဒေနှင့် ပတ်သက်၍ အဆုံးအဖြတ် ပေးနိုင်သူ ပညာရှင် တဦးအဖြစ် သတ်မှတ် ခံရသည်။ ပညာရေးနှင့် ပတ်သက်လျှင် ဥပဒေ ပညာကို အင်္ဂလန်ပြည် ကိန်းဘရစ် တက္ကသိုလ်၌ သင်ကြားခဲ့၍ ဥပဒေဘွဲ့ (L.L.B) နှင့် မဟာ ဝိဇ္ဇာဘွဲ့ (M.A) ရခဲ့သည်။ ဝတ်လုံဘွဲ့ (Barrister at Law) ကို လင်ကွန်းအင်း ဥပဒေကျောင်းမှ အောင်မြင်၍ မြန်မာ ပညာရေး ဆင်ဒီကိတ် အဖွဲ့မှ ချီးမြှင့်သည့် ဘီဂန်ဒက် ရွှေတံဆိပ် ရရှိခဲ့သည်။ ထိုဆုမှာ ဘက်စုံ ပညာ ထူးချွန်သူများကို ချီးမြှင့်သည့် အဆင့်မြင့် ပညာရေးဆု တစ်ဆု ဖြစ်သည်။ ရန်ကုန် တက္ကသိုလ် ဥပဒေ ဌာန၏ ပထမဦးဆုံးသော အချိန်ပိုင်း ဥပဒေ ပါမောက္ခ (၁၉၂၁ – ၂၂) အဖြစ်လည်း ဆောင်ရွက်ခဲ့သည်။
စာပေ ယဉ်ကျေးမှုနှင့် ပတ်သက်၍ ဦးမေအောင်သည် မြန်မာ စာပေ မြန်မာ့ ယဉ်ကျေးမှု မြန်မာ့ ဓလေ့တို့ကို အထူးရိုသေ လေးစားသူ တစ်ဦး အဖြစ် ထင်ရှားသည်။ ငယ်စဉ်က မြန်မာစာပေ၊ မြန်မာ့ ရာဇဝင်ကို ကျောင်းတွင် ဘာသာရပ် တစ်ခု အဖြစ် စနစ်တကျ သင်ကြားခွင့် မရသော်လည်း ဘိလပ်ပြန် ဝတ်လုံတော်ရ ဘဝတွင် မြန်မာ ပညာရှိများထံ တပည့်ခံ၍ လေ့လာ လိုက်စား ခဲ့သည်။ အထူးသဖြင့် ဆရာလွန်း (မစ္စတာ မောင်မှိုင်း) အား ဆရာတင်၍ ပညာရှာခဲ့သည်။ ဤသို့ဖြင့် ၁၉၁၂ ခုနှစ်တွင် ပေ၊ ပုရပိုက်တွင် တိမ်မြုပ်နေသည့် ဧချင်းများကို စနစ်တကျ တည်းဖြတ်၍ ဧချင်းဟောင်း ၁၂ စောင်တွဲ အမည်ဖြင့် ထုတ်ဝေခဲ့သည်။ မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက်တွင် ပုံနှိပ်၍ ကိုယ်တိုင် ထုတ်ဝေခဲ့ခြင်း ဖြစ်သည်။ ရမ္မာပူရ စာပုံနှိပ်တိုက်မှာ ယောက္ခမ ဦးထွန်းဖြူပိုင် ပုံနှိပ်တိုက် ဖြစ်သည်။ ဧချင်းဟောင်း ၁၂ စောင်တွဲတွင် –
၁ ၊ ရခိုင်မင်း (အဒူမင်းညို)
၂ ။ သခင်ထွေးဧချင်း (ရှင်သူရဲ)
၃ ။ မင်းတရားရွှေထီးဧချင်း (လှော်ကားသုံးထောင်မှူး)
၎ ။ မင်းတရားရွှေထီးနားတော်သွင်းဧချင်း (လှော်ကားသုံးထောင်မှူး)
၅ ။ မင်းတရားမယ်တော်ဧချင်း (နဝဒေးကြီး)
၆ ။ နတ်သျှင်မယ်တော်ဧချင်း(ဆီးကိုင်းစား)
၇ ။ မဟာဥပရာဇဧချင်း (တလုပ်မြို့စား)
၈ ။ မင်းရဲကျော်စွာစုန်ဧချင်း ( ရာဇဗာဟု)
၉ ။ သခင်ကြီးဧချင်း (ပယ်သူငယ်စား ရှင်မြတ်ခေါင် )
၁၀ ။ ယိုးဒယားမိဖုရားဧချင်း (နဝဒေးကြီး )
၁၁ ။ မင်းရဲနရာဧချင်း (မင်းဇေရန္ဓမိတ်)
၁၂ ။ မင်းရဲဒိမ္မဧချင်း (ရှင်သံခို) တို့ ပါဝင်သည်။ 
ဦးမေအောင် တည်းဖြတ်သော ဧချင်းဟောင်း ၁၂ စောင်တွဲ ထွက်ပေါ် လာသောအခါ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ် (JBRS) အတွဲ ၂၊ အပိုင်း ၁ (၁၉၁၂) တွင် ပါမောက္ခ ဒူရွိုင်ဆယ် (Mon. C. Duroiselle) က Old historical ballad (1) အမည်ဖြင့် အကျယ်တဝင့် ရေးသား ချီးကျူးပါသည်။ တည်းဖြတ်သူ ကိုယ်တိုင် နိဒါန်း၊ ရှင်းလင်းချက်များနှင့် စနစ်တကျ ဆောင်ရွက်ခဲ့ရာ နောင်အခါ မြန်မာနိုင်ငံ သုတေသန အသင်းက တည်းဖြတ် ထုတ်ဝေသည့် မြန်မာကျမ်းပေါင်း ၄၆ ကျမ်း၏ ရှေ့ပြေးဟု ဆိုနိုင်ပါသည်။ အထူးသဖြင့် ထိုအချိန်က မြန်မာစာပေ အားပေးမှု အဆင့်အတန်းမှာ များစွာ နိမ့်ကျ မျက်နှာငယ်စရာ ဦးမေအောင် ကဲ့သို့ ဘိလပ်ပြန် ဝတ်လုံတော်ရ တဦးက မြန်မာစာပေကို အလေးမူ ဆောင်ရွက်ခဲ့ခြင်းသည် ဂုဏ်ယူဖွယ်ပင် ဖြစ်သည်။ ဦးမေအောင်သည် ဝိုင်အမ်ဘီအေက ကြီးမှူး ဖွင့်လှစ်သော မြန်မာ ကဗျာလင်္ကာ သင်တန်းများတွင်လည်း ပါဝင် ပို့ချခဲ့ပါသည်။
၁၉၁၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရန်ကုန်မြို့ ပဲခူးခရိုင် ဝန်ရှင်တော်မင်းကြီး ရုံး၌ ဗြိတိသျှ ပဋိညာဉ်ခံ အရာရှိများ ရွေးချယ်ရန် စုံစမ်းသည့် ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့သည်။ ထိုဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးမေအောင်သည် ရိုးရာ ခေါင်းပေါင်းဖြူဖော့လုံး၊ ထိုင်မသိမ်း အင်္ကျီ၊ တောင်ရှည် ပုဆိုးတို့ကို မြန်မာ့ ယဉ်ကျေးမှု အတိုင်း ဝတ်ဆင်ခဲ့ရာ သူရိယ သတင်းစာ အယ်ဒီတာ ဆရာလွန်းသည် အားရဝမ်းသာ ‘ပဋိညာဉ်ခံဘွဲ့ တေးထပ်’ ရေး၍ ချီးကျူးခဲ့သည်။ ယင်းတေးထပ်ကို သူရိယ သတင်းစာ (၁၈ ဖေဖော်ဝါရီ ၁၉၁၃) တွင် ဖော်ပြခဲ့သည်။
“မျိုးမြန်မာ ညှိုးရှာခဲ့ပြီမို့၊ ကိုးရာမဲ့ချိန်တွင်၊
ရိုးရာကွယ့်မတိမ်ချင်တယ်၊ ပဋိညာဉ်ခန့်ပွဲ။ ။
မြင်ရချက် ကိုယ်သဏ္ဌာန်မှာ၊ ဗိုလ်ဆံ ဆံ များကြားသဘဲ။ ။
နန်းစရိုက် ကျမ်းသိုက်နွယ်တယ်၊ လွမ်းလိုက်ဖွယ်တပွဲ။ ။
မန်းဂိုက်နှယ်ဆင်နွှဲလို့၊ သွင်တနဲတင့်အောင်။ ။
ဖော့လုံးဖြူ မြိုင်မြိုင်ထိန်းပါလို့၊ ထိုင်မသိမ်းဝတ်လို့မြင်ယောင်။ ။
မင်းတပါး ဦးမေအောင်မှာ၊ မှူးကေသျှောင် သဒ္ဓါမြို့ပါလို့၊
မြန်မာတို့ ကိုးကြစရာ၊ ဖြိုွးွ့ကသမ္ဘာ၊
သြဘာဆုခွန်းလှစ်ဖြာတယ်၊ သွန်းမေတ္တာလောင်းပါရဲ့လေး။ ။”
ဟူ၍ ဖြစ်သည်။
ဦးမေအောင်၏ ထင်ရှားသော ဥပဒေ စာအုပ်မှာ မြန်မာ ဗုဒ္ဓဘာသာ ဓမ္ဓသတ် ဥပဒေများနှင့် ပတ်သက်သည့် A Selection of Leading Cases on Buddhist Law ဖြစ်သည်။ ယင်းစာအုပ်ကို ၁၉၁၄ တွင် Part I. Matrimonial Law၊ ၁၉၁၆ ခုနှစ်တွင် Part II. Adoption, Pre-emption Gift, and Religious Usage၊ ၁၉၁၉ တွင် Part III. Succession and Inheritance ဟူ၍ ထွက်ပေါ်လာသည်။ ၁၉၂၆ ခုနှစ်တွင် ထုတ်ဝေပြီး ၃ ပိုင်းကို ပေါင်း၍ ဒုတိယအကြိမ် ထပ်မံ ပုံနှိပ်သည်။ ဒုတိယ အကြိမ်မူတွင် တည်းဖြတ်သူ မောင်အေးမောင် M.A., LL.B (Cantab) of Middle Temple, Barrister-at-Law ဖြစ်သည်။ မောင်အေးမောင်မှာ ထက်မြက်သော ဥပဒေ ပညာရှင် ဖဆပလခေတ် တရားရေး ဝန်ကြီး ဒေါက်တာ အေးမောင် ဖြစ်သည်။ ဦးမေအောင်သည် ဗုဒ္ဓဘာသာ ဓမ္မသတ် ဥပဒေ စာအုပ်ဖြင့် ၁၉၂၂ ခုနှစ်တွင် ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေ မဟာဝိဇ္ဇာဘွဲ့ (L.L.M) ထပ်မံ ချီးမြှင့် ခံရသည်။
ဦးမေအောင်၏ စွယ်စုံ ထက်မြက်သော အရည်အချင်းများကို ထောက်၍ ထိုခေတ် အုပ်ချုပ်သူ ဗြိတိသျှ ပညာတတ် အသိုင်းအဝိုင်း၊ အိုင်စီအက်စ် ဝန်ထမ်းများကပင် မြန်မာ တိုင်းရင်းသာတို့၏ ပင်ကိုဉာဏ် ထူးချွန် ထက်မြက်မှု၊ ယဉ်ကျေးမှု အဆင့်တန်း မြင့်မားမှုတို့ကို ဝန်ခံခဲ့ကြသည်။ ပညာရေး နယ်ပယ်တွင် မြန်မာနိုင်ငံ၏ တခုတည်းသော သက်တမ်းရှည်ကြာ ကျန်ရစ်သည့် မြန်မာနိုင်ငံ သုတေသန အသင်း (၂၉ မတ် ၁၉၁ဝ) ကို တည်ထောင်ခဲ့သူများတွင် တဦး အပါအဝင် ဖြစ်သည်။ အသင်းကြီး၏ တိုးတက်ရာ တိုးတက်ကြောင်းကို အားသွန်ခွန်စိုက် တက်တက်ွ့ကွ့က အမြဲပါဝင် ဆောင်ရွက်ခဲ့သူ တဦး ဖြစ်သည်။ အသင်းကြီး၏ နှစ်ပတ်လည် အစည်းအဝေးများ၊ ဆပ်ကော်မတီ အစည်းအဝေးများတွင် အစဉ်အမြဲ ဆွေးနွေး အကြံပေးသော ပုဂ္ဂိုလ် တဦးလည်း ဖြစ်သည်။ စိတ်ဝင်စားဖွယ် အကြံကောင်း ဉာဏ်ကောင်းများကို ပေး၍ အသင်း လုပ်ငန်းများတွင် စိတ်ရောကိုယ်ပါ နှစ်မြုပ် ထားနိုင်သူ ဟုလည်း သတ်မှတ်ခံရသည်။ အထူးသဖြင့် စကားပြော ကောင်းသူ၊ သွက်လက်သူ၊ စွယ်စုံ ထူးချွန်သူဟု ထင်ရှားသည်။ ကျောက်စာဝန် မစ္စတာ တော်စိန်ခိုသည် မြန်မာနိုင်ငံ ရှေးဟောင်း သုတေသန တွေ့ရှိချက် အထောက်အထားများနှင့် ပတ်သက်၍ တရုတ် ယဉ်ကျေးမှု သြဇာ အလေးပေး တင်ပြတိုင်း ပွင့်ပွင့်လင်းလင်း ကန့်ကွက် ဆွေးနွေးလေ့ ရှိသူ တဦး ဖြစ်သည်။ ထိုကန့်ကွက်ချက်များကို အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် တွေ့ရှိနိုင်ပါသည်။ ဦးမေအောင်သည် မြန်မာနိုင်ငံ သုတေသန အသင်းကြီး၏ ဒုတိယ ဥက္ကဋ္ဌ အဖြစ် နှစ်ပေါင်များစွာ ရွေးချယ် ခံခဲ့ရရုံမျှမက ဥက္ကဋ္ဌ၊ ဆပ်ကော်မတီဝင်၊ ဂုဏ်ထူးဆောင် သုတေသန ဂျာနယ် အယ်ဒီတာ တာဝန်များကိုပါ ထမ်းဆောင်ခဲ့သည်။ အသင်းမှ ကြီးမှူး ကျင်းပသော မြန်မာစာပေ ပြိုင်ပွဲများတွင် အကဲဖြတ် လူကြီး၊ ဆုငွေအတွက် အလှူရှင်၊ မြန်မာကျမ်းများ ပုံနှိပ် တည်းဖြတ် ထုတ်ဝေရေး အဖွဲ့ သဘာပတိ တာဝန်များကိုလည်း ဆောင်ရွက်ခဲ့သည်။ အသင်းမှ ထုတ်ဝေသော မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် စာအုပ် ဝေဖန်ချက်၊ စုံစမ်း မေးမြန်းချက် မှတ်စုတို၊ အယ်ဒီတာ့ထံ ပေးစာနှင့် သုတေသန ဆောင်းပါးများ ရေးသာခဲ့ရာ ယင်းတို့မှာ –
  1. ‘Inaugural address.’ JBRS. Vol.1, (Jun 1911) P.2-9.
  2. . ‘Shwe Zan Aung’s logic in Burmese (Myanmar)’ JBRS. Vol.1, Pt.1 (June 1911) P. 113-117
  3. ‘Note on Saya Thein’s Shin Sawbu.’ JBRS. Vol.1, Pt.2 (Dec 1911) P.16-18
  4. ‘Critical note on Mr.Taw Sein Ko’s paper on ‘The Chinese antiquities of Pagan.(Bagan).’ JBRS. Vol.1, Pt.2 (Dec 1911) P.43-46.
  5. ‘Shwe Nat-Taung Thamaing. ‘JBRS. Vol.1, Pt.2 (Dec 1911) P.56-57.
  6. ‘Name of Burmese(Myanmar)Kings.’ JBRS. Vol.1, Pt.1 (June 1911) P.83-84.
  7. ‘Garu and Lahu.’ JBRS. Vol.1, Pt.1 (June 1911) P.88-91
  8. ‘The chronology of Burma(Myanmar).’ JBRS. Vol.2, Pt1 (June 1912) P.8-29
  9. ‘Prome and Pyus’. JBRS. Vol.2, Pt.1 (June 1912) P.72-74
  10. ‘Origin of the world”Talaing”.’ JBRS. Vol.2, Pt.1 (June 1912) P. 73-74
  11. ‘To the editor,Rangoon (Yangon) Gazette’. JBRS. Vol.2, Pt.1 (June 1912) P. 80-81, 83-84, 86-87
  12. ‘Burmese(Myanmar) prosody’. JBRS. Vol.2, Pt.1 (June 1912) P.92-93
  13. ‘The Burmese (Myanmar)era.’ JBRS. Vol.2, Pt.2 (Dec 1912) P.197-203
  14. ‘Note to the legend of the Kyaukwaing Pagoda.’ JBRS. Vol.2, Pt.2 (Dec 1912) P.217
  15. ‘Burmese spelling’. JBRS. Vol.2, Pt.2 (Dec 1912) P. 260-262
  16. ‘Archaeology in Burma (Myanmar).’ JBRS. Vol.2, Pt.2 (Dec 1912) P. 267-269.
  17. ‘Burmese sketches.’ JBRS. Vol.3, Pt.2 (Dec 1913) P. 191-192.
  18. ‘The derivation of Ramanna.’ JBRS. Vol.4, Pt.2 (Dec 1914) P. 148.
  19. ‘Note on Saya Thein’s Let-we-thondara.’ JBRS. Vol.6, Pt.2 (Dec 1916) P.9.
  20. ‘Some Mon Place-names.’ JBRS. Vol.7, Pt.2 (Dec 1917) P. 143-145.
မြန်မာနိုင်ငံ သုတေသန အသင်း ဂျာနယ်တွင် ဦးမေအောင် ရေးသာခဲ့သော ဝေဖန်ချက်၊ မှတ်ချက်၊ ဆွေးနွေးချက်၊ သုတေသန စာတမ်းများ အနက် မွန်ဒေသ အမည်များ (Some Mon Place- name’s) နှင့် မြန်မာပြည် ရက်စွဲသမိုင်း (Chronology of Burma) တို့မှာ စိတ်ဝင်စားဖွယ် ကောင်းသည်နှင့် အမျှ ပညာရှင်များ၏ နှစ်သက်ခြင်း ခံရသည်။ မွန်ဒေသ အမည် အချို့တွင် အောက်မြန်မာနိုင်ငံရှိ ရန်ကုန်၊ ကမာရွတ်၊ အင်းစိန်၊ မင်္ဂလာဒုံ၊ ကျိုက္ကဆံ၊ သင်္ဃန်းကျွန်း၊ ကော့ချဲ၊ ဓားပိန်၊ ပဲခူး၊ ဇိုင်ဂနိုင်၊ စစ်တောင်း၊ မုတ်ပလင်၊ ကျိုက်ကသာ၊ ကျိုက်ထို၊ သထုံ၊ ဇင်းကျိုက်၊ ပေါင်၊ မုတ္တမ၊ မော်လမြိုင်၊ ထားဝယ်၊ တနင်္သာရီ၊ မှော်ဘီ၊ သာယာဝတီ၊ တာပွန်၊ သံလျှင်၊ ဒလ၊ ခနောင်တို၊ တွံတေး၊ ဒေးဒရဲ၊ ဖျာပုံ၊ ညောင်တုန်း၊ ကျုံပျော်၊ ပုသိမ် ဒေသ အမည် ၃၃ မျိုး၏ မွန်ဝေါဟာရ ရင်းမြစ်များကို တင်ပြထားပါသည်။ မြန်မာပြည်ရက်စွဲ သမိုင်း သုတေသန စာတမ်းကို အင်္ဂလိပ်ဘာသာရေး ရည်ညွှန်းကျမ်း ၁၇ ကျမ်း၊ မြန်မာဘာသာရေး ရာဇဝင် သမိုင်းကျမ်း ၂၅ ကျမ်းကို စနစ်တကျ ကိုးကား၍ ဘီစီ ၈ ရာစုခန့် တကောင်းဒေသတွင် အဘိရာဇာ နန်းစိုက်သည်မှ အေဒီ ၁၇၅၂ ရွှေဘိုတွင် အလောင်းမင်းတရား ကုန်းဘောင်ဆက် စတင်သည် အထိ ရက်စွဲ သက္ကရာဇ်ဖြင့် မြန်မာ့သမိုင်းကို ရေးသားထားသည်။ ကိုးကား ရည်ညွှန်းရာ မြန်မာ ရာဇဝင်ကျမ်း ၂၅ ကျမ်းတွင် ဦးကုလား ရာဇဝင်၊ တွင်းသင်း ရာဇဝင်၊ ရာဇဝင်ကျော်၊ သံလျင်ရာဇဝင်၊ မဟာမုနိသမိုင်း၊ မဟာဇေယျ၏ ရခိုင် ရာဇဝင်၊ ရခိုင် မင်းသမီး ဧချင်း တို့မှာ ပုံနှိပ်မူ မထွက်သေး၍ ပေးမူများကို လေ့လာပြီး ရေးသားခဲ့ခြင်း ဖြစ်သည်။ ထိုကြောင့် ဦးမေအောင် ရုတ်တရက် ကွယ်လွန်ချန်တွင် ပါဠိ ပါမောက္ခ ဦးဖေတင်မောင်က သုတေသန ဂျာနယ်တွင် ဝမ်းနည်း မှတ်တမ်း ရေးသောအခါ “ဦးမေအောင်သည် သုတေသန နယ်ပယ်တွင် ဇောက်ချခဲ့လျှင် ပထမတန်းစား သုတေသန ပညာရှင် အဖြစ် တွေ့နိုင်ကြောင်း” The Chronology of Burma (Myanmar) စာတမ်းကို ထောက်၍ မှတ်ချက် ချခဲ့ပါသည်။
ဦးမေအောင်၏ အခြား ထင်ရှားသော ယဉ်ကျေးမှု စာတမ်းမှာ ၁၉၁ဝ ခုနှစ် လန်ဒန်မြို့ လွိုက်ကရိတ်တာ ဗြိတိန် ပုံနှိပ်တိုက်မှ ထုတ်ဝေသည့် Twentieth Century Impression of Burma (Myanmar) ၂ဝ ရာစု မြန်မာ့ ပုံရိပ်တွင် မြန်မာ့ ယဉ်ကျေးမှု ဓလေ့ဆိုင်ရာ ‘Burmese (Myanmar) Manners and Customes’ စာတမ်း ဖြစ်သည်။
ဦးမေအောင်ကို ၁၈၈ဝ ပြည့်နှစ်၊ ဇန်နဝါရီ ၆ ရက်နေ့တွင် စစ်တွေမြို့၌ အဖ ဦးသာဒိုးဖြူး၊ အမိ ဒေါ်နှောင်းဒွေးတို့မှ ဖွားသည်။ မွေးချင်း ၄ ယောက်တွင် ဒုတိယမြောက် သားဖြစ်သည်။ ငယ်စဉ်ကပင် မိဘများ ကွယ်လွန်၍ အမေ့ဘက်မှ ဦးကြီး ဖြစ်သူ ဦးလှအောင်၊ ဒေါ်မြမေတို့က အိန္ဒိယသို့ ခေါ်ယူ၍ ကာလကတ္တားတွင် ပညာ သင်ခဲ့ရသည်။ ဦးလှအောင်မှာ မြန်မာ တိုင်းရင်းသားများ ထဲမှ တဦးတည်းသော မဒရပ် ငွေတိုက် မင်းကြီး အဖြစ် အမှု ထမ်းရွက်ခဲ့ရ၍ ငွေစာရင်း မင်းကြီး ဦးလှအောင် အဖြစ် ထင်ရှားသည်။ ဒေါ်မြမေမှာ စစ်ကဲ ဦးထော်လေး၏ သမီးဖြစ်၍ မင်းကြီးကတော် ဒေါ်မြမေဟု လူသိများသည်။ ဦးမေအောင်မှာ စစ်ကဲ ဦးထော်လေး၏ ဒုတိယ အိမ်ထောင်မှ မွေးဖွားသည့် သမီး ဒေါ်မြမေ၏ ခင်ပွန်း ငွေတိုက်မင်းကြီး ဦးလှအောင်၏ တူဖြစ်သည်။ ဦးမေအောင်သည် ကာလကတ္တားနှင့် ရန်ကုန် အစိုးရ အထက်တန်း ကျောင်းတွင် ပညာသင်၍ တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ မြန်မာစာနှင့် အင်္ဂလိပ်စာ ပထမရ သဖြင့် ရနောင်း ဘုရင်ခံဆု ချီးမြှင့်ခံရသည်။ ရန်ကုန် ကောလိပ် အက်ဖ်အေ (ဥပစာတန်း) တွင် ပထမရ၍ ဂျားဒင်းဆု ထပ်မံ ရရှိသည်။ ၁၈၉၈ ခုနှစ်၊ ဘီအေ နောက်ဆုံးတန်းတွင် ပညာ သင်နေစဉ် ကျန်းမာရေး ချို့ယွင်း၍ ကျောင်းမှ ထွက်ခဲ့ရသည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ခဲ့သည်။
၁၈၉၉ ခုနှစ်တွင် မော်လမြိုင်မြို့ ရမ္မာပူရ စာပုံနှိပ်တိုက် ဦးထွန်းဖြူ၊ ဒေါ်မေတို့၏ သမီး မသိန်းမြနှင့် လက်ထပ်ခဲ့သည်။ ဒေါ်မေမှာ အခွန်ဝန် ဦးအုန်းရွှေ၊ ဒေါ်မျှား၏ သမီး ဖြစ်သည်။ ဒေါ်မျှားမှာ စစ်ကဲကြီး ဦးထော်လေးနှင့် ပထမ အိမ်ထောင်ဆက် ဒေါ်မင်းလူတို့မှ ဖွားမြင်ရာ ဒေါ်သိန်းမြမှာ စစ်ကဲကြီး ဦးထော်လေး၏ မြစ်ဖြစ်သည်။
ဦးမေအောင်သည် မြိတ်မြို့ အထက်တန်းကျောင်း အထက်တန်းပြ၊ မော်လမြိုင်မြို့ ရှင်မဗုဒ္ဓဃောသ အထက်တန်း ကျောင်းအုပ်၊ ၁၉ဝဝ ပြည့်နှစ်တွင် ရန်ကုန် မော်တင်လမ်း ဦးရွှေအိုးရေခဲစက်နှင့် သစ်ဝါးရောင်းဝယ်ရေး မန်နေဂျာအဖြစ် ဆောင်ရွက်သည်။ ၁၉ဝ၂ ခုနှစ်တွင် ဒုတိယတန်း ရှေ့နေ စာမေးပွဲ အောင်မြင်ပြီးနောက် ညီအစ်ကိုဝမ်းကွဲ တော်စပ်သူ ဦးဘလှအောင် (ငွေစာရင်း မင်းကြီး ဦးလှအောင်၊ မင်းကြီးကတော် ဒေါ်မြမေတို့၏ တဦးတည်းသောသား) နှင့်အတူ ‘အောင်နှင့် အောင်’ အမည်ဖြင့် ရှေ့နေလုပ်ငန်းကို လုပ်ကိုင်သည်။
၁၉ဝ၄ ခုနှစ်တွင် ဦးဘလှအောင်နှင့် အတူ အင်္ဂလန်သို့ ဥပဒေ ပညာသင် ထွက်ခွာခဲ့သည်။ ၁၉ဝ၄ မှ ၁၉ဝ၇ ခုနှစ် အတွင်း အင်္ဂလန်နိုင်ငံ ကိန်းဘရစ် တက္ကသိုလ်မှ ဥပဒေဘွဲ့ (LL.B)၊ မဟာဝိဇ္ဇာဘွဲ့ (M.A) နှင့် လင်ကွန်းအင်း ဥပဒေ ကျောင်းမှ ဘာရစ်စတာ အက်ထ်လော (Barrister-at-Law) ဝတ်လုံဘွဲ့များကို ထူးချွန်စွာ ရရှိခဲ့၍ မြန်မာနိုင်ငံ ပညာရေး ဆင်ဒီကိတ် အဖွဲ့၏ ဘက်စုံ ပညာ ထူးချွန်ဆု ဘီဂန်ဒက် ရွှေတံဆိပ် ချီးမြှင့်ခံရသည်။
၁၉ဝ၈ မှ ၁၉၂ဝ အတွင်း ဘိလပ်ပြန် ဝတ်လုံတော်ရ အဖြစ် အသက်မွေး ဝမ်းကျောင်းပြု၍ ဝိုင်အမ်ဘီအေ (YMBA) ခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝ အသင်းကြီးတွင် ပါဝင် ဆောင်ရွက်ခဲ့သည်။ ဘိလပ်ပြန် ဝတ်လုံတော်ရ ဦးပု (နန်းရင်းဝန် ဦးပု)၊ ပညာဝန် ဦးမုန်း၊ အငြိမ်းစားဝန်ထောက် ဦးဖေတို့နှင့် အတူ ဝိုင်အမ်ဘီအေ အသင်းများ ဖွဲ့စည်း တည်ထောင်ရေး အတွက် နယ်များသို့ ဆင်း၍ တရားဟောရာ ဝိုင်အမ်ဘီအေ အသင်းကြီး၏ ရှေ့တန်း ဦးဆောင်သူ တဦး ဖြစ်လာသည်။ ၁၉၁၁့ ခုနှစ် ရန်ကုန်မြို့တွင် ကျင်းပသော အရပ်ရပ် ဝိုင်အမ်ဘီအေအသင်းများ အစည်းအဝေးကြီးတွင် ချယ်ရာမင် (သဘာပတိ) အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၁၆ ခုနှစ် ဟင်္သတမြို့တွင် ကျင်းပသော စတုတ္ထ အကြိမ် ညီလာခံတွင် အစည်းအဝေး သဘာပတိ အဖြစ် ဆောင်ရွက်သည်။ ၁၉၁၇ ခုနှစ်၊ နိုဝင်ဘာလတွင် ဦးဖေ၊ ဦးဘဘေ၊ ဝတ်လုံတော်ရ ဦးစု (မန္ဈလေး) တို့နှင့်အတူ အိန္ဒိယနိုင်ငံ ကာလကတ္တားသို့ သွားရောက်၍ အိန္ဒိယနိုင်ငံ ဆိုင်ရာ အတွင်းဝန် မွန်တေဂူကို တွေ့ဆုံပြီး ကိုယ်ပိုင် အုပ်ချုပ်ရေးကို တင်ပြခဲ့သည်။
ဝိုင်အမ်ဘီအေ အသင်းကြီးသည် မူလ ရည်မှန်းချက် ဖြစ်သော အမျိုး ဘာသာ သာသနာ ကိစ္စများတွင် သာမက နိုင်ငံရေး ကိစ္စများကို ဝင်ရောက် ဆောင်ရွက်လာရာ နိုင်ငံရေး မဆောင်ရွက်လိုသူ လူကြီး အဖွဲ့နှင့် နိုင်ငံရေးကို ဆက်လက် ဆောင်ရွက်လိုသူ လူငယ် အဖွဲ့ ကွဲပြားလာသည်။ လူကြီး အဖွဲ့ကို ‘တူ သာ သင်း’ (ဦးဘတူ၊ ဦးဖိုးသာ၊ ဦးသင်း) တို့က ဦးဆောင်ခဲ့ရာ ဦးမေအောင်သည် လူကြီး အဖွဲ့ဘက်သို့ ပါဝင်ခဲ့ရာမှ ၁၉၂ဝ ခုနှစ်တွင် အစိုးရ လက်ထောက် ရှေ့နေ၊ ဥပဒေ သုံးသပ်ရေး အရာရှိ၊ ဥပဒေအဖွဲ့ အတွင်းရေးမှူး၊ အစိုးရ ရှေ့နေ၊ ရန်ကုန် တက္ကသိုလ် ဥပဒေဌာန အချိန်ပိုင်း ပါမောက္ခ၊ ၁၉၂၂ ခုနှစ်တွင် တရားလွှတ်တော် တရားဝန်ကြီး၊ ၁၉၂၄ တွင်ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် ဗြိတိသျှ အစိုးရ၏ သူကောင်းပြုခြင်း ခံရသည်။ ပြည်ထဲရေး ဝန်ကြီးချုပ် အဖြစ် တာဝန် ထမ်းဆောင်နေစဉ် ၁၉၂၆ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့တွင် ပြင်ဦးလွင်မြို့၌ ရုတ်တရက် ကွယ်လွန်ခဲ့သည်။
ဦးမေအောင်တွင် သားသမီး ၃ ဦး ထွန်းကား၍ သားကြီး သတိုးအောင်မှာ ရန်ကုန် တက္ကသိုလ် ဘီအေ နောက်ဆုံးနှစ်တွင် ပညာ သင်ကြားနေစဉ် ကွယ်လွန်ခဲ့သည်။ သတိုးအောင်မှာ ပညာထူးချွန်၍ တက္ကသိုလ်ဝင်တန်း အောင်စဉ်က ဖခင် ဦးမေအောင် ကဲ့သို့ ရနောင်း ဘုရင်ခံဆု ရရှိခဲ့သည်။ သားငယ် ထွန်းလှအောင်မှာ ကိုလိုနီခေတ် အုပ်ချုပ်ရေး လောကတွင် ထင်ရှား၍ လွတ်လပ်ရေး ခေတ်ဦးတွင် ရဲမင်းကြီး ဦးထွန်းလှအောင် ဖြစ်သည်။ သမီးငယ် မမြစိန်မှာ မြန်မာ အမျိုးသမီးများ ထဲမှ ပထမဦးဆုံး အမ်အေ (သုတေသန အထူးပြု) ဘွဲ့၊ အောက်စဖို့ဒ် တက္ကသိုလ်မှ ဘီလစ်ဘွဲ့များ ရခဲ့သော သမိုင်း ပညာရှင် တဦး ဖြစ်သည်။ ဥပစာတန်းတွင် ပထမရ၍ ဖခင်ကဲ့သို့ ဂျားဒင်းဆု ချီးမြှင့်ခြင်း ခံရသည်။
ဦးမေအောင်သည် မြန်မာနိုင်ငံ ပညာရေး ဆင်ဒိကိတ် အဖွဲ့ဝင်၊ ရန်ကုန် တက္ကသိုလ် ကောင်စီဝင်၊ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် တဦး ဖြစ်၍ ကရက်ဒေါက် စီမံကိန်းတွင် ပါဝင်ခဲ့ရရာ အချို့ ပုဂ္ဂိုလ်များ၏ အထင်မှား အမြင်မှား ခံခဲ့ရပါသည်။ ထို့ကြောင့် ပြည်ထဲရေး ဝန်ကြီးချုပ် ဦးမေအောင် ကွယ်လွန်သည့် အခါ ဒီးဒုတ်ဂျာနယ်၊ ဒုတိယတွဲ နံပါတ် ၂ (၁၂ ဇွန် ၁၉၂၆ ) တွင် ဒီးဒုတ် ဂျာနယ် တည်းဖြတ်သူ ဒီးဒုတ် ဦးဘချိုက အောက်ပါအတိုင်း မှတ်ချက် ချခဲ့ပါသည် ။ 

အထူးဝမ်းနည်းဖွယ်

ပြည်ထဲရေး ဌာန ဝန်ကြီးချုပ် ဦးမေအောင်သည် ဇွန်လ ၅ ရက်၊ စနေနေ့ ည ၈ နာရီ ၃၅ မိနစ်တွင်၊ မေမြို့ (ပြင်ဦးလွင်) ရှိ နေအိမ်၌ အနိစ္စရောက်ကြောင်း ကြားသိရသော က္ဆွန်ုပ်တို့မှာ။ အထူးဝမ်းနည်း နှစ်မြောမိသည် ဖြစ်ရာ။ ထိုသတင်းကို ကြားသိရသော တိုင်းရင်းသား မှန်သမျှတို့မှာ။ ကျွနိုပ်တို့ ကဲ့သို့ပင် ဝမ်းနည်းလိမ့်မည်ဟု မျှော်လင့်ပေကြောင်း။ သွားလေသူ ဦးမေအောင်မှာ။ အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ – ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။
အထင်မမှားအပ်ပေ
ဦးမေအောင် – ပြည်ထဲရေး ဝန်ကြီးချုပ် ရထူးကို ထမ်းရွက် နေခိုက်၌၊ တိုင်းသူ ပြည်သားတို့နှင့် တဘက်တလမ်း ပြုလုပ်သည်ဟု အချို့သော သတင်းစာများ၌ စွပ်စွဲချက် အရ။ သွားလေသူ ဦးမေအောင် အပေါ်၌ အထင် မမှားအပ်ပေ။ ဦးမေအောင်သည်။ အစိုးရ အမှုထမ်း အဖြစ်သို့ မရောက်မှီ။ ဝိုင်အမ်ဘီအေ အသင်း၌။ ဥက္ကဋ္ဌ အဖြစ်ဖြင့်ပင် အတော်ကြာ ဆောင်ရွက် ခဲ့သည့်ပြင်။ ဝတ်လုံ အတတ်ကို။ အင်္ဂလန်ပြည်သို့ သွားရောက် သင်ကြားပြီးနောက်။ မြန်မာပြည်သို့ ပြန်၍ ရောက်ရှိသော ဝတ်လုံများ အနက်။ မိမိတို့ မျိုးရိုးဇာတိ အဝတ်အစားကို မပြောင်းလဲဘဲ။ အမြဲဝတ်ဆင်လေ့ ရှိသူမှာ။ ဦးမေအောင်ပင် ဖြစ်ရကာ။ ဤကဲ့သို့ မျိုးရိုး ဇာတိကို ရိုသေသော ပညာရှိ တယောက်သည်။ မိမိ အလိုအလျောက်အားဖြင့်။ တိုင်းသူပြည်သားတို့ ဆန့်ကျင်၍။ တိုင်းပြည် ပျက်စီးအောင် ပြုလိမ့်မည်ဟု မမျှော်လင့်အပ်ပေ။ မိမိထမ်းရသော ရာထူး၏ အခွင့် ရှိသလောက်သာလျှင် ဆောင်ရွက်နိုင်သည် ဖြစ်ရာ၊ ဦးမေအောင်၏ စီမံခန့်ခွဲခြင်းတို့သည်။ တိုင်းသူ ပြည်သားတို့၏ အလိုနှင့် ဆန့်ကျင်ခဲ့သော။ အုပ်ချုပ်ခြင်း စည်းစနစ် ဖြစ်သော ဒိုင်အာကီကို သာလျှင် အပြစ်တင် ထိုက်ပေသည်။ (မူရင်းသတ်ပုံ အတိုင်း ဖော်ပြပါသည်။)
” . . . အင်္ဂလိပ်ဘာသာ၌ သာလျှင် အထူး ပေါက်မြောက် ချီးမွမ်းလောက်သော ပဂ္ဂိုလ် မဟုတ်သေး။ မြန်မာဘာသာ – ပေါရာဏနှင့် ဝေါဟာရ စာဟောင်း စာမျဉ်း တို့ကိုလည်း။ အထူးလိုလား လိုက်စားသော ပုဂ္ဂိုလ်ကြီးဖြစ်သည့် အားလျော်စွာ။ ယခု နာမည် ထင်ရှားလျက် ရှိသော ပရိုဖက်ဆာ ဆရာလွန်း ထံ၌ တပည့် ခံခဲ့ဖူး၍။ ရှေးဧချင်းဟောင်း ၁၂ စောင်တွဲ စာအုပ် တအုပ်ကို ကိုယ်တိုင် တည်းဖြတ်၍ပင် ရိုက်နှိပ် ဖြန့်ချိ ခဲ့ဘူးလေသည်။ ဤကဲ့သို့ စွယ်စုံပညာဂုဏ် အရည်အချင်းဖြင့် ပြည့်စုံသဖြင့်။ မြန်မာပြည် တိုင်းရင်းသားတို့ ရရှိနိုင်သော ရာထူးများ အနက်။ အကြီးဆုံး ဖြစ်သော ပြည်ထဲရေး အမတ်ကြီး ရာထူးဖြင့်။ အစိုးရတို့၏ ချီးကြူး ခန့်အပ်ခြင်းကို ခံခဲ့ရသည် ဖြစ်ရာ။ အဆိုပါ ပုဂ္ဂိုလ်ကြီး၊ ထင်ရှား ရှိနေခြင်းသည်။ မြန်မာပြည်ကြီး၏ ကြက်သရေပင် ဖြစ်ရကာ။ ယခုကဲ့သို့။ သက်တန်း မစေ့မှီ။ ကွယ်လွန် အနိစ္စ ရောက်ရခြင်းအတွက်။ သာ၍ပင် ဝမ်းနည်းဘွယ် ဖြစ်ချေသည်။ . . . ” . . . [၂ဝဝ၇ ခုနှစ်၊ နိုဝင်ဘာလမှာ Unity စာပေက ပထမ အကြိမ် အဖြစ် ထုတ်ဝေ ဖြန့်ချိခဲ့တဲ့ မောင်ဇေယျာရဲ့ ‘ကမ္ဘာသိ မြန်မာများနှင့် ကမ္ဘာသိ မြန်မာ စာအုပ်များ’ ကနေ “စွယ်စုံပညာရှင် ဦးမေအောင်” အကြောင်းကို ပြန်လည် ကူးယူ ဖော်ပြတာ ဖြစ်ပါတယ်။]

အညွှန်း။
၁ ။ ဇော်ဂျီ ၊ သခင်းကိုယ်တော်မှိုင်းဋီကာ ။ ဒု နှိပ် ၊ ရန်ကုန် ၊ ၁၉၆၉ ၊ စာ ၄၇
၂ ။ ၂၅ နှစ်မြောက် ဓမ္မဗျူဟာ ငွေရတုစာစောင် ၊ ရန်ကုန် ၊ ဓမ္မဗျူဟာစာစောင်တိုက် ။ ၁၉၈၆
၃ ။ ဝိုင်အမ်ဘီအေ ၇၅ နှစ်ခရီး ၊ ရန်ကုန် ။ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ၊ ၁၉၈၂
၎ ။ " အထူးဝမ်းနည်းဖွယ် ' ဒီဒုတ်ဂျာနယ် ၊ အတွဲ  ၂ ၊ အမှတ် ၂ ( ၁၂ ဇွန် ၁၉၂၆ ) စနေ ၊စာ ၁
၅ ။Twentieth Century Impressions of Burma. London: Lloy’ds Greater Britain Publishing
၆ ။ Pe Maung Tin, U. ‘The late U May Oung, obituary notice’ JBRS.Vol.16, Pt.2(Dec 1926) P.158.
၇ ။ Who’s who in Burma (Myanmar).
၈ ။ Calcutta: Indo-Burma Publishing Agency, 1926.P.172
[မိုးဂျာနယ်၊ အမှတ် ၂၊ ဖေဖော်ဝါရီ ၂ဝဝ၅]

ဦးရွှေဇံအောင် (သို့မဟုတ်) အနောက်နိုင်ငံများသို့ အဘိဓမ္မာစတင်မျိုးစေ့ချသူ


အနောက်နိုင်ငံများတွင် ဗုဒ္ဓအဘိဓမ္မာကို စတင်မျိုးစေ့ချခသည့် ဦးရွှေဇံအောင်ကို ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ၁၈၇၁-ခုနှစ်၊ ဇန်န၀ါရီလ (၂၀)ရက်နိန့်၌ မွီးဖွားခ၏။ အဖ ခရိုင်ရဲဝန် ဦးရွှေသာ၊ အမိ ဒေါ်အဖြူစံရို့၏ သားသမီး လေးယောက်အနက် သားအကြီးဆုံးဖြစ်သည်။
၁၈၈၁-ခုနှစ်မှစ၍၊ စစ်တွေမြို. အစိုးရ အလယ်တန်းကျောင်းတွင် ပညာသင်ကြားရာ ၁၈၈၅-ခုနှစ်၌ အလယ်တန်းစကောလာချိ ဆုကိုရဟိသည်။ ထိုမှတစ်ဖန် ရန်ကုန်မြို့သို့ ပြောင်းရွှေ. ပညာသင်ကြားပြန်ရာ ၁၈၈၇-ခုနှစ်တွင် တက္ကသိုလ်ဝင် စာမိန်းပွဲကို အောင်မြင်သည်။ ထိုနောက် ရန်ကုန်ကောလိပ်ကျောင်းတွင် ဆက်လက် ပညာသင်ယူပြန်ရာ ၁၈၉၁-ခုနှစ်တွင် ထိုခေတ်က မြန်မာနိုင်ငံ၏ အမြင့်ဆုံးဘွဲ့ဖြစ်သော ၀ိဇ္ဇာဘွဲ့ထူးကို ဆွတ်ခူးရဟိသည်။ လိုအပ်သောပညာ ရဟိပြီးနောက် ပညာရေးဌာန၌ ပညာအုပ်အဖြစ် စတင်ဝင်ရောက် ထမ်းဆောင်သည်။ ထိုနောက် မြီစာရင်းဌာနသို့ ပြောင်းရွှေ့ကာ အတန်ကြာ အမှုထမ်းခရာ ၁၉၀၂-ခုနှစ်တွင် မြို့အုပ်တန်းခေါ် မြန်မာနိုင်ငံ လက်အောက်ဝန်ထမ်း အဖွဲ့ဝင်အဖြစ် ပြောင်းရွှေ့ခန့်ထားခြင်း ခံရပြန်သည်။ ၁၉၀၇-ခုနှစ်တွင် ၀န်ထောက်တန်းခေါ် မြန်မာနိုင်ငံ ၀န်ထမ်းအဖွဲ့သို့ တိုးမြှင့်ခန့်ထားခြင်း ခံရပြန်သည်။
ဦးရွှေဇံအောင်သည် အခွန်ဝန်ထောက်အဖြစ် ထမ်းရွက်နီစဉ် ထိုစဉ်က ဖြေယှင်းရန် အလွန်ခက်ခဲသော ပြဿနာတစ်ရပ်ဖြစ်သည့် ကျူးကျော်နီထိုင်သူများကို နီရာချထား၍ မြီခွန်တော် စည်းကြပ်ရေးအတွက် အထူးတာဝန်ကျရောက်၍ ထမ်းဆောင်ရသည်။ ဤပြဿနာကြီးနှင့် စပ်လျဉ်း၍ အကြံပေီးချက်များကို အစိုးရက အထူးနှစ်သက် လက်ခံခသည်။ သူ၏ စာအုပ်ပြာခေါ် အစီရင်ခံစာကို သက်ဆိုင်ရာ အစိုးရအရာဟိများ အထူးအမှီသဟဲပြု၍ ဖတ်ရှုခကြရသည် ဟုဆိုသည်။ ၁၉၁၂-ခုနှစ်တွင် တွံတေးတူးမြောင်း ဖောက်လုပ်ရန်အတွက် မြီသိမ်းအရာဟိအဖြစ် ရွီးချယ်ခန့်အပ်ခြင်း ခံရ၏။ စတင်စည်ကားစ ပြုလာပြီဖြစ်သော သန်လျင်မြို့တွင် မြီပိုင်ဆိုင်ခွင့်ဆိုင်ရာ အထူးစုံစမ်းရေးအဖွဲ့ဝင် လူကြီးအဖြစ် ၁၉၁၃-ခုနှစ်တွင် ခန့်ထားခြင်း ခံရသည်။ ၁၉၁၄-ခုနှစ်တွင် မြီဖက်ဌာန၌ သူ၏ ထူးချွန်စွာ ဆောင်ရွက်မှုအတွက် ဗြိတိသျှအစိုးရက ထိုခေတ်အနီဖြင့် အရပ်ဘက် ထူးချွန်တံဆိပ် A.T.M အမှုထမ်းကောင်း မင်းဘွဲ့တံဆိပ်ကို သူအား ချီးမြှင့်ခ၏။ ၁၉၁၈-ခုနှစ်တွင် ကျောက်တန်း နယ်ပိုင်ဝန်ထောက်အဖြစ် ထမ်းရွက်နီယင်း ဦးရွှေဇံအောင်သည် ဒုတိယအကြိမ်မြောက် စစ်ချီးငွေ အမြောက်အမြား ရှာဖွီ စုဆောင်းပီးနိုင်ခသည်။
ဦးရွှေဇံအောင်သည် ဟံသာဝတီခရိုင်တွင် နှစ်ကြိမ်တိုင်တိုင် ခရိုင်ဝန်အဖြစ် ထမ်းရွက်ရပြီးနောက် ၁၉၂၀-ပြည့်နှစ်တွင် မြန်မာနိုင်ငံ ဘဏ္ဍာတော်မင်းကြီး၏ အတွင်းဝန်အဖြစ် ယာယီခန့်အပ်ခြင်း ခံရသည်။ ထိုနောက် သထုံခရိုင်ဝန်အဖြစ် ပြောင်းရွှေ့ထမ်းရွက်ရာ အထူးပင် လူချစ်လူခင်ပေါများသော အစိုးရအရာဟိ ဖြစ်ခသည်။ ၁၉၂၃-ခုနှစ်တွင် K.S.M ခေါ် ရွှီစလွယ်ရမင်း ဘွဲ့တံဆိပ်ကို ဗြိတိသျှအစိုးရက အပ်နှင်းချီးမြှင့်သည်။ ထိုနောက် မြူနီစပယ် အခွန်တော်များ ကောက်ခံရေးဆိုင်ရာ စုံစမ်းမှု ကော်မတီဝင်အဖြစ် ခန့်အပ်ခြင်း ခံရပြန်ရာ ယင်းကော်မတီ ဥက္ကဋ္ဌကိုယ်တိုင်က ဦးရွှေဇံအောင်၏ ထူးချွန်ပေါက်မြောက်စွာ ဆောင်ရွက်နိုင်သော အရည်အချင်းကို ချီးကျူးခရသည်။ မကြာမီ မြန်မာအမျိုးသားများအား မည်သည့်အခါကမှ ခန့်အပ်ခြင်းမပြုခရေ ရာထူးဖြစ်သော ယစ်မျိုးမင်းကြီးအဖြစ် ဦးရွှေဇံအောင်သည် ပထမဆုံး ခန့်အပ်ခြင်း ခံရပြန်သည်။
ဦးရွှေဇံအောင်သည် သာသနာတော်ကို အထူးကြည်ညို လေးစားစိတ်နှင့် ကြိုးစားလိုစိတ်ရို့ကြောင့် နိုင်ငံဝန်ထမ်းအဖြစ် တာဝန်အမျိုးမျိုး ထမ်းဆောင်စဉ် အဘိဓမ္မာကို ဆရာတော် ဦးဂန္ဓမာ၏ ခြီတော်ရင်းတွင် လေ့လာခ၏။ The Buddhism Magazine ကို ကြီးကြပ်ထုတ်ဝီရေ အာနန္ဒာမေတ္တယျဆရာတော်ကို အကြောင်းပြု၍ လန်ဒန်ပါဠိအသင်းကြီးကို စတင်တည်ထောင်သူ မစ္စတာ ရစ်ဒေးဗစ်စ်၏ ဇနီးဖြစ်သူ မစ္စစ် ရစ်ဒေးဗစ်နှင့် စတင်အဆက်အသွယ် ရခ၏။ ဆရာကြီးသည် အဘိဓမ္မတ္ထသင်္ဂဟသဂြိုဟ်ကျမ်းကို အင်္ဂလိပ်ဘာသာသို့ ပြန်ဆိုပြီး မစ္စစ်ရစ်ဒေးဗစ်ထံ ပို့လိုက်၏။ ယင်းစာမူကို မစ္စစ်ရစ်ဒေးဗစ်နှင့် ဦးရွှေဇံအောင်ရို့ အပြန်ပြန်အလှန်လှန် စစ်ဆေးပျင်ဆင်ပြီးမှ ဗုဒ္ဓ၀ါဒမဂ္ဂဇင်း The Buddhism Magazine တွင် ဦးရွှေဇံအောင် ရွီးသားသော ဆောင်းပါးကို နိဒါန်းအဖြစ်ထည့်ကာ ၁၉၁၀-ပြည့်နှစ်တွင် ပုံနှိပ်ထုတ်ဝီသည်။ စာအုပ်ထွက်လာသည်နှင့် တပြိုင်နက် တစ်ကမ္ဘာလုံးမှ ပညာဟိများ၏ ချီးကျူးလက်ခံခြင်း ခံရသည်။ လယ်တီဆရာတော် ဘုရားကြီးနှင့် မစ္စစ်ရစ်ဒေးဗစ်ရို့၏ ဗုဒ္ဓအဘိဓမ္မာနှင့် စပ်လျဉ်းသော အမိန်း အဖြေများကိုလည်း ဦးရွှေဇံအောင်ပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုကာ အပြန်အလှန် ဆက်သွယ်၍ အကျိုးဆောင်ပီးခရသည်။
ဦးရွှေဇံအောင်သည် မြန်မာနိုင်ငံမှ ဗုဒ္ဓကျမ်းစာများကို နိုင်ငံခြားသားများ ဖတ်ရှုလေ့လာနိုင်ရန် ရွီးသားရုံမက အနောက်နိုင်ငံ ကျမ်းတစ်ဆောင်ဖြစ်သော လောဂျစ်ကျမ်းကို တက္ကိယနယဒီပနီ အမည်ဟိ ကျမ်းကို ပြုစုရွီသားသည်။ မြန်မာနိုင်ငံ သုတေသန အသင်းဂျာနယ်တွင် ၁၉၁၁-ခုနှစ်မှ ၁၉၂၀-ခုနှစ်အတွင်း ဆောင်းပါးပေါင်း ၃၅-ခုကို ပါဝင်ရွီးသား နိုင်ခသည်။ ဆောင်းပါးအများစုသည် ဗုဒ္ဓအဘိဓမ္မာများသာ ဖြစ်ကြ၏။ ဆရာကြီးသည် ကျမ်းကြီးကျမ်းခိုင် ရို့ကိုသာမက လက်ဝဲသုန္ဒရ၏ မဲဇာတောင်ခြီရတုကိုပင် အင်္ဂလိပ်ဘာသာဖြင့် ပြန်ဆိုရွီးသားခသိမ့်သည်။ ဗုဒ္ဓဘာသာနှင့် ပတ်သက်၍လည်း စာအုပ် ၇-အုပ်ကို ပြုစုနိုင်ခ၏။ ယင်းရို့တိမှာ မြန်မာဘာသာဖြင့် ရွီးသားသော-
၁။ ဇရာလက္ခဏာဒိ ဒီပနီကျမ်း
၂။ တက္ကိယနယ ဒီပနီကျမ်း
၃။ ကာယင်္ဂသမ္ဘာရ ဒီပနီကျမ်း
၎။ ရူပ ဒီပနီကျမ်း
အင်္ဂလိပ်ဘာသာဖြင့် ရွီးသားသော-
၅။ ယမကခေါ် ယမိုက်ကျမ်း
၆။ ကထာဝတ္ထု
၇။ အဘိဓမ္မတ္ထသင်္ဂဟကျမ်း ရို့ဖြစ်သည်။ ဆရာကြီးသည် မြန်မာမှုကို လေးစားသူလည်းဖြစ်၏။
မြန်မာဘာသာကိုသာမက အင်္ဂလိပ်ဘာသာကိုပါ အထူးကျွမ်းကျင်သော ဆရာကြီးကို ကမ္ဘာကပါ သိလာကြပြီး ၁၉၃၂-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်က D.Litt ဘွဲ့ကို အပ်နှင်းခ၏။ သို့ရာတွင် ဘွဲ့နှင်းသဘင်ကျင်းပရန် ၁၀-ရက်ခန့်အလိုတွင် ဦးရွှေဇံအောင် ကွယ်လွန်ခ၏။ နိဂုံးချုပ်အနီဖြင့် ၁၉၂၄-ခုနှစ်တွင် မြန်မာနိုင်ငံ တက္ကသိုလ်ကျောင်းကြီးအတွက် သင်ခန်းစာများ ရွီးချယ်သတ်မှတ်ရေး ကော်မတီတွင် ဆရာကြီး ပြောကြားခသော မှတ်ချက်ကို ဖော်ပြလိုပါသည်။
“ကျွန်တော့်အနီနန့် အရှိတိုင်း အနောက်တိုင်း စာအုပ်တိကို အတော်များများ ဖတ်ပြီးပါဗျာယ်။ ကျွန်တော်ရို့ မြန်မာနိုင်ငံ၏ လောကနီတိလောက် ကောင်းရေကျမ်း မတွိ့ဖူးသိမ့်ပါ၊ မြန်မာစာပီကို အထင်မသေးဖို့ လိုပါရေ။”

မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် သံတွဲဇာတိဖွား ပါမောက္ခချုပ်ဦးကျော်ရင် (၁၉၁၆-၁၉၆၆)


ဆရာကြီး ဦးကျော်ရင်ကို သံတွဲမြို့ ကမ်းနားလမ်း၌ မြန်မာသက္ကရာဇ် ၃၂၇၈ ခု၊ နတ်တော်လဆန်း ၁၃ ရက်၊ ခရစ်နှစ် ၁၉၁၆ ခု၊ ဒီဇင်ဘာလ ၇ ရက် ကြာသပတေးနေ့ နံနက် ၄ နာရီ အချိန်တွင် ဖွားမြင်ခဲ့ပါတယ်။ အဖဦးဖိုးဦး၊ အမိဒေါ်မြရင်တို့ရဲ့ တဦးတည်းသော သားဖြစ်ပါတယ်။
ဆရာကြီး ဦးကျော်ရင်သည် ငယ်စဉ်က သံတွဲမြို့ အေ၊ ဘီ၊ အမ် ကျောင်းတွင် စတင်ပညာသင်ယူခဲ့ပြီး၊ ယင်း နောက် အစိုးရ အထက်တန်း(တန်းမြင့်)ကျောင်းသို့ ပြောင်းရွှေ့ပညာသင်ယူခဲ့ပါတယ်။ အဲသည်ကျောင်းမှာပဲ ၁၉၃၄ ခုတွင် ၁၀ တန်းစာမေးပွဲကို အောင်မြင်ခဲ့တယ်။  ဒါပေမယ့် ဘာသာအတွဲမှားတာကြောင့် တက္ကသိုလ် ဝင်ခွင့်မရခဲ့သည်မို့ ၁၉၃၅ ခု၊ ရန်ကုန်ဆရာဖြစ်သင် ကောလိပ်သို့ ဆက်လက် ပညာသင်ယူဆည်းပူးခဲ့ပါ တယ်။ ၁၉၃၆ ခု၊စာမေးပွဲအောင်၍ ကောလိပ်သို့ ဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။
၁၉၄၅ ခု၌ ဦးဖိုးချို၊ ဒေါ်စောမြ တို့ရဲ့ သမီး မဖြူနဲ့ လက်ထပ်ထိမ်းမြားခဲ့ပြီး၊ သားတယောက်နဲ့ သမီးတ ယောက် ထွန်းကားခဲ့ကြောင်း သိရှိမှတ်သားရပါတယ်။
၁၉၅၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်မှ မဟာဝိဇ္ဇာ တန်းကို အောင်မြင်ခဲ့တယ်။ တက္ကသိုလ် မြန်မာစာဌာန တွင် ကထိကရာထူးဖြင့် စတင်အမှုထမ်းခဲ့ပါတယ်။
ဒုတိယကမ္ဘာ့စစ်အတွင်းက တိုင်းကျိုး ပြည်ကျိုးကို သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ ရန်ကုန် တက္ကသိုလ် မြန်မာစာဌာန ကထိကအဖြစ် ထမ်းဆောင် နေစဉ် ဆိုဗီယက်ယူနီယံ အပြည်ပြည်ဆိုင်ရာ ဆက်သွယ်ရေး တက္ကသိုလ်တွင် မြန်မာစာပါမောက္ခအဖြစ် စေလွှတ်ခန့် အပ်ခြင်းခံရ၍ မော်စကိုသို့ သွားရောက် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ယင်းသို့ မော်စကိုမှ ပြန်လာပြီးတဲ့နောက် တက္ကသိုလ်
များရုံး အုပ်ချုပ်ရေးမှူး ခန့်အပ်ခြင်း ခံရပါတယ်။ မကြာမီ မန္တလေးဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် ပါမောက္ခချုပ်အဖြစ် ခန့်အပ်ပြန်၍ ထိုတာဝန်ကို ကျေပွန်စွာ အမှုထမ်းဆောင် ခဲ့ပါတယ်။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း ဦးဆောင်ညွှန်ကြားရေး မှူး(ငြိမ်း) ဦးတင်ခ( စာရေးဆရာ တက္ကသိုလ် တင်ခ) က ဆရာကြီး ဦးကျော်ရင်သည် "မြန်မာ့မျိုးချစ် စာပေပညာ ရှင် ဦကျော်ရင်" ဟု ခေါင်းစည်းတပ်၍ ဆောင်းပါး ရေးသားပြီး ဂုဏ်ပြုထားရှိပြီးဖြစ်ပါတယ်။
(မှတ်ချက်- ဆရာကြီး တက္ကသိုလ် တင်ခသည် ၂၀၁၅ အမျိုးသားစာပေ တစ်သက်တာဆုကို၂၀၁၆ ခု၊ ပြန်ကြား ရေးဝန်ကြီးဌာန ပြန်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် လက်ထက် ဆွတ်ခူးထားရှိပါတယ်။)

ဆရာကြီးဦးကျော်ရင်သည် ကလောင်အမည် (၁၀)မျိုးခန့်နဲ့ စာအုပ်ပေါင်း(၁၀)အုပ်ခန့် ရေးသား၊ တည်း ဖြတ်၊ ထုတ်ဝေခဲ့ပြီး ဝတ္ထု၊ ပြဇာတ်၊ ဆောင်းပါး၊ ကဗျာပေါင်း(၁၅၀)ကျော် ရေးသားခဲ့ကြောင်း သိမှတ်ရပါတယ်။ ကလောင်ကွဲ ရွှေတွဲကျော်နဲ့ ရေးသား ခဲ့တဲ့ "မျက်ကန်းဗိုလ်" ဆောင်းပါးဆိုရင်ဖြင့် ဒေသဖြစ်စဉ် ဖြစ်ရပ်ကို တင်ပြထားတာဖြစ်ပါတယ်။
ဆရာကြီး ဦးကျော်ရင်သည် ရန်ုကုန်မြို့ ပြည်သူ့ဆေးရုံ ကြီး အခန်းအမှတ် ၇-၈၊ ခုတင်အမှတ် ၄ မှာပင် မြန်မာ သက္ကရာဇ် ၁၃၂၇ ခု၊ တန်ခူးလဆုတ် ၉  ရက်၊ ခရစ်နှစ် ၁၉၆၆ ခု၊ မတ်လ(၃၀)ရက် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ ၅၀ မိနစ်တွင် ကွယ်လွန်ခဲ့ပါတယ်။

Wednesday, August 30, 2017

ဘင်္ဂလာဒေ့ရှ် ၏ နောက်ကွယ်ကပါဝင်မှု

ဘင်္ဂလာဒေ့ရှ် ၏ နောက်ကွယ်ကပါဝင်မှု
=======
Written by ဦးကျော်ဇောဦး
၁။ စစ်တကောင်းသားဘင်္ဂါလီများက လူမျိုးလိမ်နာမည်သုံးလျက် ရခိုင်ပြည်နယ်အထဲတွင် ဆူပူအကြမ်းဖက်ကာ သီးခြားနယ်မြေဖဲ့ထုတ်ရရှိရေး ကြိုးပမ်းနေမှု၏ အဓိက ဗိသုကာမှာ ဘင်္ဂလာဒေ့ရှ် နိုင်ငံဖြစ်သည်။ ရေတိုရေရှည်စီမံချက်များဖြင့် စိတ်ရှည်လက်ရှည် ဆောင်ရွက်နေခြင်းဖြစ်သည်။
၂။ ပြောက်ကျားစစ်ဗျူဟာတို့၏ ကနဦးအစောဆုံးပညာရှင် တီအီးလောရင့်စ် (Lawrence of Arabia) ၏ အခြေခံသဘောတရားအရ၊ လျင်မြန်စွာ တက်ဆုတ် စစ်ဆင်နေသော ပြောက်ကျားတပ်များအနေဖြင့် (ရန်သူ့လက်မှ ကင်းလွတ်နေသော) ပင်​မ အခြေခံစစ်စခန်း ရှိနေရမည် ဖြစ်လေသည်။ ယခု ဘင်္ဂါလီအကြမ်းဖက်တိုက်ခိုက်သူများ၏ ထိုသို့သော အခြေခံစခန်းမှာ ဘင်္ဂလာဒေ့ရှ်နိုင်ငံ နိုင်​ခုန်းချရီ (Naikhongchhri) နယ်ထဲက နယ်ခြားစောင့်တပ်အမှတ် (၃၁) (BDB 31) နှင့် နီးကပ်စွာတည်ရှိသည်။ (မေယုတောင်တန်းရှိ ယာယီစခန်းများနှင့် ၄င်းတို့ခိုအောင်းရာ ဘင်္ဂါလီကျေးရွာများမှာ ယာယီစခန်းများသာဖြစ်သည်။) ဆိုလိုသည်မှာ ဘင်္ဂါလီအကြမ်းဖက်အဖွဲ့သည် ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ မွေးစားသားဖြစ်သည်။
၃။ အကြမ်းဖျင်း မှန်းဆချက်အားဖြင့် 21°25'13"N , 92°10'36"E အမှတ် ၀န်းကျင်တစ်ဝိုက်နယ်မြေတွင် ဌာနချုပ်အခြေခံစခန်းတည်ထားသည်ဟု ဆိုကြသော ဘင်္ဂါလီအကြမ်းဖက်အဖွဲ့အစည်းအား ကျောထောက်နောက်ခံပြုထားသော တပ်အင်အားမှာ ယင်းနေရာ၏ တောင်ဘက် Ukia မြို့နယ်အတွင်းရှိ ကုတူးပါ့လောင် (Kutupalong) ဒုက္ခသည်စခန်းရှိ ဒုက္ခသည်အမည်ခံ ဒုက္ခသည်စစ်သည်တော် (refugee warriors) များ ဖြစ်ကြပါသည်။ မိမိတို့သိရသလောက် ပြီးခဲ့သော နှစ်ရက်ခန့်မှစ၍ အဆိုပါဒုက္ခသည်စခန်းမှ အရွယ်ကောင်းယောင်္ကျားများ ယခု မရှိသလောက်ဖြစ်နေကြောင်း (မတွေ့မြင်ရတော့ကြောင်း) သတင်းရပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းတိုက်ပွဲများတွင်ပါဝင်ရန် လက်နက်များနှင့်တကွ နယ်စပ်ကူးကာ မြန်မာနိုင်ငံအတွင်းသို့ ၀င်သွားကြကြောင်း ကြားသိရပါသည်။ ထို ကုတူးပါ့လောင်စခန်းတွင် မှတ်ပုံတင်ထားသည့် ဒုက္ခသည် (ကျား၊မ၊ကလေး) အရေအတွက်မှာ ၂၀၁၇ စာရင်းတစ်ခုအရ (၁၃,၈၂၀) ဦး ဖြစ်ပါသည်။ တက္ကနပ်မြို့နယ် နယာပရာ ဒုက္ခသည်စခန်းတွင် မှတ်ပုံတင်ထားသူအရေအတွက်မှာ (၁၉,၃၁၁) ဦးဖြစ်ပါသည်။ ဒုက္ခသည်များအဖြစ်မှတ်ပုံတင်ထားခြင်းမရှိဘဲ ထိုစခန်းများအနီးတွင် (သောင်းချီလျက်) အခြေစိုက်နေထိုင်ကြသူများမှာလည်း အကြမ်းဖက်တိုက်ခိုက်ရေးသမားများအဖြစ် စည်းရုံးသိမ်းသွင်း ခံထားရသူများ ဖြစ်နိုင်ပါသည်။
၎။ ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိနေသော ဘင်္ဂါလီများမှာ စစ်တကောင်းသား ဘင်္ဂါလီ (Chittagonian) များဖြစ်ကြပါသည်။ ထိုစစ်တကောင်းသားများပြောသော ဒေသိယဘင်္ဂါလီစကားမှာ စံဘင်္ဂါလီစကားနှင့် ၅၀% အထက် တူပါသည်။ သို့ရာတွင် ယင်းဘာသာစကား Chittagong Bangla မှာ ဘင်္ဂါလီဘာသာစကားပင်ဖြစ်သည် ဟု ကမ္ဘာက မှတ်ယူပါသည်။ ဘင်္ဂလာဒေ့ရှ်နိုင်ငံတစ်ဝှမ်းရှိ အခြားအခြားသော အသီးသီး နေရာများတွင် ဤကဲ့သို့ပင် ဒေသိယ ဘင်္ဂါလီစကားများ ရှိကြပါသည်။ စံဘင်္ဂါလီစကားနှင့် ကွဲပြားမှုများရှိကြစေကာမူ ထိုဒေသိယစကားများမှာ ဘင်္ဂါလီစကားများပင်ဖြစ်ကြပြီး၊ ထိုစကားများကို ပြောသူများမှာလည်း ဘင်္ဂါလီလူမျိုးများပင် ဖြစ်ကြပါသည်။
၅။ ထို့ကြောင့် ဘင်္ဂလာဒေ့ရှ်အစိုးရ၏ လူဦးရေခွဲဖြန့်နယ်ချဲ့မှု မဟာဗျူဟာအရ - မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းသို့ ရောက်ရှိနေသော လူအုပ်စုမှာ ဘင်္ဂါလီများမဟုတ်ဟု ဘင်္ဂလာအစိုးရက မည်မျှပင် ငြင်းပယ်နေစေကာမူ၊ ထိုသူတို့မှာ ဘင်္ဂါလီများသာ ဖြစ်ကြပါသည်။ မြန်မာနိုင်ငံ၏ ကျေးဇူးသစ္စာကိုစောင့်သိသောအားဖြင့် မြန်မာနိုင်ငံအစိုးရကလည်း ထိုသူတို့မှာ ဘင်္ဂါလီများသာဖြစ်ကြသည်ဟု အခိုင်အမာ စွဲကိုင်ရပ်တည်သင့်ပါသည်။
၆။ ၂၀၁၂-ခုနှစ်အတွင်းက အမေရိကန် ဒုလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ယွန် နှင့် စစ်တွေဟိုတယ်တွင် တွေ့ကြစဉ်က - နိုင်ငံမဲ့ဖြစ်နေသူ ထိုလူအုပ်စု၏အရေးအရာကို တာဝန်ယူဖြေရှင်းရန်မှာ ကျွန်တော်တို့ကိစ္စမဟုတ်၊ ဘင်္ဂလာဒေ့ရှ်နိုင်ငံ၏ တာဝန်သာဖြစ်သည်၊ It is up to Bangladesh. ဟု ကျွန်တော် အပြတ်ပြောဖူးပါသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်း ဒီဗီဘီဒီဘိတ်တွင် ဒေါက်တာအေးမောင်ကလည်း ထိုသူများကို ဘင်္ဂလာဒေ့ရှ်က တာဝန်ယူရမည် ဟု ပြတ်ပြတ်သားသား ပြောကြားသွားသည်ကို တွေ့ရပါသည်။
၇။ ဘင်္ဂလာဒေ့ရှ်မျက်နှာကို စေ့စေ့မကြည့်ရဲတော့လို့ သူတို့ပြောတဲ့ လူအရေအတွက်ကို လက်ခံလိုက်မယ်လေ ဟု စကားနည်းရန်စဲနည်းလမ်းဖြင့် ပြဿနာကို ဖြေရှင်းလိုသူများအား သတိပေးလိုသည်က - ဤသည်မှာ ပြဿနာဖြေရှင်းနည်း မဟုတ်၊ ပြဿနာကို ကြီးထွားစေမည့်နည်းလမ်းဖြစ်သည် ဆိုသည့်အကြောင်းဖြစ်သည်။ မြန်မာပြည်က ထိုသို့လက်ခံနိုင်မည့်အလားအလာကို မြင်လာရသည့်အတွက် အိန္ဒိယ က လှမ်းပြောပြန်သည်၊ ငါတို့ဆီမှာ ဟိုလူမျိုးနာမည်ခံထားတဲ့လူ လေးသောင်းရှိတယ်၊ မြန်မာပြည်က လက်ခံရမယ် ဟု ဆိုပြန်သည်။ ရခိုင်ပြည်နယ်က ထွက်ပြေးလာသည်ဟု ဆိုသူတွေ (ချင်းပြည်နယ် နယ်ခြားကို ဖြတ်ပြီး) ဘယ်လိုပထ၀ီ ဘယ်လိုလမ်းကြောင်းနှင့် အိန္ဒိယသို့ လူလေးသောင်းတို့ ကျော်နင်း ရောက်ရှိသွားကြောင်း ကျွန်တော်စဉ်းစားကြည့်လို့တောင်မရ။ မလေးရှား၊ အင်ဒိုနီးရှား၊ ဆော်ဒီအာရေဗီးယား တို့ကလည်း သိန်းသန်းချီပြန်ပို့ချင်သည် ဟု ပြောရန် အဆင်သင့်ရှိနေသည်။ ဘင်္ဂလာဒေ့ရှ်ကနေ လျှံကျခဲ့သမျှ လူဦးရေတို့အား မြန်မာပြည်သို့ ပို့ကြပေတော့မည်။ မြန်မာနိုင်ငံအား အမှိုက်ပုံးဟု သဘောထားကြပေတော့မည်။
၈။ ယခု သြဂုတ်လ အစပိုင်းက OIC ၏ အထွေထွေအတွင်းရေးမှူးချုပ် Yousef bin Ahmad Al-Othaimeen ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ လာရောက်ကာ Cox’s Bazar ခရိုင်အတွင်းရှိ ဒုက္ခသည်စခန်းသို့ အလည်အပတ် လာရောက်တွေ့ဆုံခဲ့သည်သာမက အခြားသော သီးခြားတွေ့ဆုံမှုအချို့ ပြုလုပ်ခဲ့သည် ဟု ကြားသိရသည်။ OIC နှင့် ဘင်္ဂလာဒေ့ရှ်အစိုးရအဖွဲ့ တို့သည် ယခုမြန်မာနိုင်ငံ ရင်ဆိုင်နေရသော အကြမ်းဖက်တိုက်ခိုက်မှုများနှင့် ဆက်စပ်နေသည် ဟု စွပ်စွဲသော် ငြင်းဆိုကြမည်သာ ဖြစ်လေသည်။ အာနန်ကော်မရှင်အစီရင်ခံစာထွက်လာပြီး (၂၄) နာရီမပြည့်မီအချိန်အတောအတွင်း အချိန်ကိုက် တစ်ပြိုင်တည်း တိုက်ခိုက်မှုများပြုလုပ်သည့် ဆိုသည့်အချက်ကိုလည်း ကျွန်တော်တို့ သတိမူသင့်ပါသည်။
၉။ မြန်မာ့တပ်မတော်က ရခိုင်မြောက်ပိုင်းသို့ တပ်မနှစ်ခုပို့ပြီးသည့်နောက်မှ ယခုနောက်ဆုံးအကြမ်းဖက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့ကြသည် ဖြစ်ရာ၊ ဆွဲထုတ်ဆင်ခြင်နိုင်သည့် ကောက်ချက်တစ်ရပ်ရှိလေသည်။ သမ္ဘာရင့် တိုက်ခိုက်ရေးအတွေ့အကြုံရှိပြီးသား တပ်မနှစ်ခုအား အနိုင်တိုက်ရန် ရည်မှန်းသည်မဟုတ်။ မီးလောင်ခြင်း၊ အရပ်သားများ နေရပ်ရွှေ့ပြောင်းရခြင်း စသည်တို့ပါဝင်သည့် အလွမ်းအဆွေးပြဇာတ်အား ကမ္ဘာကိုတင်ဆက်နိုင်ဖို့သာ အဓိကရည်ရွယ်ရင်းဖြစ်ပုံရလေသည်။
၁၀။ နောက်တစ်ချက် သတိမူရန်က - ဘင်္ဂလာဒေ့ရှ်နိုင်ငံသည် လွတ်မြောက်ရေးတိုက်ပွဲတစ်ခုကို ကိုးလမပြည့်သည့် ကာလတိုစစ်ပွဲဆင်နွှဲပြီး လွတ်လပ်ရေးရလာခဲ့သည် ဆိုသောအချက်ဖြစ်ပါသည်။ တိုက်ခိုက်မှုတို့သည် ကာလတိုအတွင်း အောင်မြင်မှုရတတ်သည်ဆိုသော သမိုင်းအတွေ့အကြုံတစ်ခုမှာ ဘင်္ဂါလီတို့၏ သွေးထဲတွင်စီးဆင်းလျက်ရှိသည်။ ထို့ကြောင့် တိုက်ခိုက်မှုပြုလုပ်ရန် သွေးဆောင်ဖို့ လွယ်ကူခြင်း ဖြစ်ပုံရလေသည်။
ဦးကျော်ဇောဦး
ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
စစ်တွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)
၂၀၁၇-ခုနှစ် သြဂုတ်လ (၃၀) ရက်နေ့
၁၇:၁၄ နာရီ
(မိတ်ဆွေများ နှင့် အတူစုစည်းရရှိသော သတင်းအချက်အလက်များ၊ သုံးသပ်ချက်များကို အခြေခံ၍ ဤပို့စ်ကို ရေးသားပါသည်။)

ဒေါက်တာအေးချမ်း၏ ဘင်္ဂါလီအရေးနှင့်ပက်သက်သည့် အဆိုသုံးရပ် (၃၀.၈.၂၀၁၇)



အားလုံးမင်္ဂလာပါခင်ဗျာ
အခုတလောမှာ ကျွန်တော်တို့အားလုံး ကြားသိနေရတဲ့ ရခိုင်ပြည်နယ်က သွေးထွက်သံယိုမှုတွေအတွက် အလွန်တရာမှ စိတ်မကောင်းဖြစ်ရပါတယ် ။ ကျွန်တော်တို့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြည်သူတွေဟာ ဘယ်တော့များ အေးချမ်းသာယာတဲ့ ဘဝတခုကို ရနိုင်ကြမလဲဆိုတာ ကျွန်တော်တို့ စဉ်းစားလို့တောင် မရအောင် ဖြစ်နေပါတယ်။
ဒီပြဿနာကိုဖြေရှင်းဖို့အတွက်  ကျွန်တော် ဒီနေ့ အချက်ကလေး သုံးချက်လောက် ကျွန်တော့်ကို တင်ပြ ဆွေးနွေးခွင့်ပြုပါ 
ဒီ .. ဘူးသီးတောင် ၊ မောင်တော ၊ ရသေ့တောင် ၊ ရသေ့တောင်မြို့နယ်ရဲ့ အနောက်ဖက်ကမ်းနဲ့ ဘူးသီးတောင် မောင်တော မြို့နယ်များမှာ အခု ဖြစ်ပေါ်နေတဲ့ ပြဿနာဟာ အခုမှလောလောလတ်လတ် ဖြစ်လာတဲ့ ပြဿနာတွေ မဟုတ်ပါဘူး ။ ဒီပြဿနာဟာ ၁၉၄၂ ခု ကာလပျက်တဲ့အချိန် အင်္ဂလိပ်အထွက် ဂျပန်အဝင်က စပြီးတော့ ဖြစ်လာတာ အခုဆိုလို့ရှိရင် အနှစ် (၇၅) နှစ်သက်တမ်းရှိပါပြီ ။
အဲတော့ .. ဒီပြဿနာဟာ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် နိုင်ငံခြားသားတချို့ရဲ့ မြန်မာနိုင်ငံအပေါ်မှာ ၊ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်ထဲက နယ်နိမိတ်တချို့ ၊ အထူးသဖြင့် ရခိုင်ပြည်နယ် အနောက်မြောက်ပိုင်းက နယ်ကို ဖဲ့ယူဖို့ သူတို့ရဲ့ နိုင်ငံအဖြစ် ဖန်တီးဖို့ ကြိုးစားနေတဲ့ နိုင်ငံရေး မဟာဗျူဟာ Political Strategines တရပ်ဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ နားလည်ထားဖို့လိုပါတယ် ။
၁၉၄၂ ခုနှစ်ကနေ ဖြစ်လာတဲ့ပြဿနာဟာ ၂၀၁၂ ခုနှစ်မှာ သူတို့ဘက်က မဟာဗျူဟာတွေ ပြောင်းလဲလာတယ်ဆိုတာကို ကျွန်တော်တို့ တွေ့ရပါလိမ့်မယ် ။ အခု ၂၀၁၇ ခုနှစ်မှာ သူတို့ကျင့်သုံးလာတဲ့ မဟာဗျူဟာဟာ နောက်ဆုံးပေါ် မဟာဗျူဟာဖြစ်ပါတယ် ။ တနည်းအားဖြင့် လူအင်အားနဲ့ လူ့လှိုင်းလုံးကို အသုံးပြုပြီးတော့ လူသားမျိုးနွယ်ထိုးစစ်နဲ့ ရခိုင်ပြည်နယ်ကို သိမ်းပိုက်ဖို့ ကြံစဉ်နေတဲ့အချက်ဖြစ်ပါတယ် ။
ဒီ … သူတို့ရဲ့ဗျူဟာစတာဟာ ၁၉၅၁ ကနေ စပါတယ် ။ ၁၉၅၁ ၊ ဇွန်လ (၁၅) ရက်နေ့နဲ့ (၁၆) ရက်နေ့မှာ အလယ်သံကျော်ညီလာခံဆိုတာကို သူတို့ ကျင်းပခဲ့တယ်။ အဲဒီအလယ်သံကျော်ညီလာခံမှာ သူတို့ ဘာတောင်းဆိုလဲဆိုလို့ရှိရင် ရခိုင်တိုင်း မြောက်ပိုင်းကို သီးခြားမူစလင်ပြည်နယ်အဖြစ် ဖွဲ့စည်းပေးရမယ် ၊ ပြည်ထောင်စု မြန်မာနိုင်ငံဖွဲ့စည်းပုံအရ ဖွဲ့စည်းပေးပြီးဖြစ်တဲ့ ရှမ်းပြည်နယ် ၊ ကရင်နီပြည်နယ် ၊ ချင်းဝိသေသတိုင်းတို့နဲ့ တူညီတဲ့ အဆင့်အတန်းရှိစေရမယ်ဆိုတာကို တောင်းဆိုခဲ့ပါတယ် ။
ဒီမှာစခဲ့တာက သူတို့ရဲ့ Autonomous လို့ခေါ်တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ နယ်မြေတခုကို ထူထောင်ဖို့ပါပဲ။ ဒီလူတွေဟာ ကျွန်တော်တို့နိုင်ငံသား မဟုတ်တဲ့အတွက် တိုင်းရင်းသားတွေ မဟုတ်တဲ့အတွက်  ဒါကို အဲဒီခေတ်က နိုင်ငံတော်အစိုးရကလည်း ခွင့်မပြုခဲ့ပါဘူး ။( အဲဒီအခါမှာ ) ၁၉၄၆ ကနေ ၁၉၆၀ အထိ မူဂျာဟစ်သူပုန်တွေ ထတယ် ။ ပြောက်ကျားစစ် ဆင်နွှဲတယ် ။ ဒါပေမယ့် ဒါလည်းပဲ နောက်ဆုံးမှာ ပျေက်ကွယ်သွားပါတယ် ။ ၁၉၈၈ ဒီမိုကရေစီ အရေးအခင်းနဲ့အတူ တခါသူတို့ အလံနီထူပြီးတော့ ပေါ်လာတယ် ။ ဒီအချိန်မှာကျတော့ OIC လို အဖွဲ့မျိုးတွေကလည်း သူတို့ကို ကူညီပေးလာတယ်။ အဲဒီအချိန်မှာတော့ သူတို့ရဲ့ မဟာဗျူဟာ ထင်ထင်ရှားရှား ဘာကိုပေါ်လာသလဲဆိုလို့ရှိရင် (   ) လို့ခေါ်တဲ့ မူစလင် အစ္စလာမ်ဘာသာ ကြီးစိုးတဲ့ နယ်မြေတခုထူထောင်ဖို့ ဆိုတာဟာကို အတိအလင်း ကြေငြာလာပါတယ် ။ ဒါဟာ (၁၈) ရာစု နှောင်းပိုင်းမှာ ပေါ်ပေါက်ခဲ့တဲ့ ၊ ဆော်ဒီ အာရေဗီးယားမှာ အခြေခံတဲ့ ဝဟာဘိ ဆိုတဲ့ လှူပ်ရှားမှုဖြစ်တယ် ။ ဒီ ဝဟာဘိဆိုတဲ့ အခြေခံဟာ မူဆလင်ညီနောင်တွေ အတွက် လုပ်ကိုင်စားသောက်ဖို့ ၊ စိုက်ပျိုးလုပ်ကိုင်ဖို့ မြေယာနဲ့ ရေရရှိတဲ့နေရာကို အားလုံး သိမ်းပိုက်ရမယ် ။ မူဆလင်ညီနောင်တွေကို အဲဒီမှာ အခြေချပေးရမယ် ။ ဒီကနေပြီးတော့ လယ်ယာစိုက်ပျိုးရေးကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတခုကို တည်ထောင်ပြီးတော့ ဂျီဟတ်စစ်ပွဲ တခုကို ဆင်နွှဲဖို့ အဆင်သင့်နေရာယူရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ်။ ဒါကို အခု မော်လဝီဆရာကြီးတွေက ကမ္ဘာပေါ်အနှံ့မှာရှိတဲ့ မြေဆိုတာဟာ ဘုရားသခင်က ဖန်ဆင်းတဲ့မြေဖြစ်တယ် ၊ အဲဒါကြောင့် ဒီမြေမှာ မူဆလင်တွေဟာ မူဆလင်ပီပီ နေထိုင်ခွင့်ရှိတယ် ဆိုတဲ့အယူအဆနဲ့ ပေါင်းစပ်လာကြပါတယ် ။
နံပါတ် (၂) အချက်ကတော့
သူတို့ဟာ အမည်နာမခေါ်ယူသုံးစွဲဖို့ (တနည်းအားဖြင့်) အင်္ဂလိပ်လိုပြောမယ်ဆိုရင် Self Identification ဆိုတာကို အဓိက ဆုပ်ကိုင်ထားတာ ၊ ရိုဟင်ဂျာလူမျိုးဆိုတဲ့နာမေကို သူတို့ အစဉ်တစိုက် တောင်းဆိုလာတယ် ။ ဒါကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘတ်ကီမွန်း ၊ နောက်ပြီးတော့ လူ့အခွင့်ရေးကိုယ်စားလှယ် ဟန်ဟီးလီး ၊ အယင်က ကိုယ်စားလှယ် ကိန်တားနားတို့ကလည်း လူမျိုးတမျိုးကို သူတို့ခေါ်စေချင်တဲ့ အမည်နာမအတိုင်း ခေါ်ရမယ်ဆိုပြီးတော့ ထောက်ခံတယ် ။ ဒီနေရာမှာ ပြဿနာက ဘာလဲဆိုလို့ရှိရင် … ရိုဟင်ဂျာဆိုတာဘာလဲ ? ဒါကို ကျွန်တော် အထပ်ထပ်အခါခါ ရှင်းပြခဲ့တယ် ။ ရိုဟင်ဂျာဆိုတာဟာ ရခိုင်သားဆိုတဲ့ ကုလားစကားဖြစ်ပါတယ် ။ ဘင်္ဂလီဘာသာနဲ့ ရခိုင်သားလို့ ခေါ်တာဖြစ်တယ် ။ အဲဒီတော့ ရခိုင်သားမဟုတ်တဲ့ ဒီဘင်္ဂါလီအနွယ်တွေကို ရခိုင်သားလို့ခေါ်တယ်ဆိုတာ ရခိုင်လူမျိုးတွေအပေါ်မှာ လုံးဝ မတရားရာကျပါတယ် ။ တနည်းအားဖြင့် ဒါကို သူတို့လူ့အခွင့်အရေးဆိုပြီးတော့ ပြောလို့ရှိရင် ၊ တဖက်မှာ ရခိုင်လူမျိုးတွေအပေါ်မှာ လူ့အခွင့်အရေးတခုကို ချိုးဖောက်ခြင်းလို့ပဲ ကျွန်တော်တို့ ရှုမြင်ကြရမှာဖြစ်တယ် ။ အဲဒါကို ဗြိတိသျှသံအမတ်ဟောင်း ဒေးရိတိုကိန်ကလည်း ထောက်ပြခဲ့ပါပြီ ။ မြန်မာနိုင်ငံရဲ့ဆိုင်ရာ ဗြိတိသျှဆိုင်ရာ သံအမတ် အန်ဒရူးပတ်ထရိ ကလည်းပဲ ဒီပြဿနာဟာ နိုင်ငံတကာ ပြဿနာမဟုတ်ဘဲနဲ့ မြန်မာနိုင်ငံပါလီမန် ၊ မြန်မာလွှတ်တော်ကသာ ဆုံးဖြတ်ရမယ့် ပြဿနာဖြစ်တယ် ဆိုပြီးတော့ ထောက်ပြထား ပါတယ် ။ အဲဒါကြောင့် ဒီအချက်နဲ့ ပက်သက်ပြီးတော့ ဒီ .. ရိုဟင်ဂျာဆိုတာဟာ ကျွန်တော့်တို့ သမိုင်းမှာ မရှိဘူး ။ ရိုဟင်ဂျာဆိုတာဟာ တကယ်တော့ ရခိုင်လူမျိုးကို ဘင်္ဂါလီဘာသာမှာခေါ်တယ်ဆိုတဲ့အချက် ဆိုတာကို ထောက်ပြပြီးတော့ ဒါဟာ သူတို့နာမည်မဟုတ်ဘူးဆိုတာကို ကျွန်တော်တို့က အစဉ်တစိုက် ပြောဆိုနေခြင်း ဖြစ်ပါတယ် ။
နံပါတ် (၃) အချက်က ဘာလဲဆိုလို့ရှိရင်
ရခိုင်ပြည်နယ်ကို ပြည်ထောင်စုမြန်မာနိုင်ငံထဲက ဖဲ့ထုတ်ပြီးတော့ သီးခြားမူစလင်နိုင်ငံတခုထူထောင်ဖို့ ကြိုးပမ်းလာခြင်းဖြစ်ပါတယ် ။ အဲဒါကတော့ ဗော်လကန်စစ်ပွဲအပြီးမှာ ယူဂိုဆလားဗီးယားနိုင်ငံကို ပြိုကွဲသွားစေလိုတဲ့ဆန္ဒ ၊ နောက်တခုက အဓိက မူဆလင်ကမ္ဘာနဲ့ တောက်လျှောက်ရန်သူဖြစ်လာတဲ့ ဆားဗီးယားနိုင်ငံကို အင်အားချိနဲစေလိုတဲ့သဘောနဲ့ ကိုဆိုဗိုနိုင်ငံကို ဖဲ့ထုတ်သွားခြင်းဖြစ်ပါတယ်။ ဒီနေရာမှာ ကုလသမဂ္ဂရဲ့ သဘောတူညီချက်တခုဖြစ်တဲ့ R2P (Responsibility to Protect) လို့ အဓိပ္ပါယ်ရပါတယ် ။ အဲဒါကတော့ နိုင်ငံတနိုင်ငံမှ အဖိနှိပ်ခံနေရတဲ့ လူမျိုးတမျိုးကို အဲဒီနိုင်ငံရဲ့အစိုးရက ကာကွယ်မပေးလို့ရှိရင် နိုင်ငံတကာက စွက်ဖက်ပြီးတော့ ကာကွယ်ရမယ်ဆိုတဲ့ အယူအဆဖြစ်ပါတယ် ။ ဒီအခွင့်အရေးကိုယူပြီးတော့ ဘူးသီးတောင်၊ မောင်တော ပြဿနာမှာ နိုင်ငံတကာက စွက်ဖက်ပြီးတော့ R2P နဲ့ ရခိုင်ပြည်နယ်ကို ဖဲ့ထုတ်ဖို့ ကြိုးပမ်းလာပါပြီ ။ ဒီအချက်ကို ဘယ်မှာတွေ့လဲဆိုရင် တလောကမှ လွှတ်တော်ကိုယ်စားလှယ်လုပ်သွားတဲ့၊ ဘူးသီတောင် လွှတ်တော်ကိုယ်စားလှယ်လုပ်သွားတဲ့ ဦးရွှေမောင်ဟာ R2Pဆိုတာကို တွင်တွင်ကြီးပြောပြီးတော့ နိုင်ငံတကာက စွက်ဖက်ဖို့လိုပြီဆိုတာကို ထောက်ပြသွားပါတယ် ။
ဒီနေရာမှာ ကျွန်တော်တို့ပြောရမယ့်အချက်ကဘာလဲဆိုလို့ရှိရင် တကယ်တော့ မြန်မာနိုင်ငံမှာ ဒီအကြမ်ဖက်ဝါဒကို တင်သွင်းလာတာဟာ ဒီလူတွေဖြစ်တယ် ။ ဒီအကြမ်းဖက်ဝါဒသမားတွေရဲ့ တောင်းဆိုချက်အရ ရခိုင်ပြည်ကိုဖဲ့ထုတ်တယ်ဆိုလို့ရှိရင် ကုလသမဂ္ဂပဋိညာဉ်စာတမ်းနဲ့ လုံးဝ လုံးဝ ဆန့်ကျင်နေတယ်ဆိုတာကို နိုင်ငံတကာအသိုင်းအဝိုင်းက သိထားဖို့လိုပါတယ် ။ အတိအလင်း သူတို့ ကြေငြာသွားတဲ့အချက်က ၂၀၁၂ ခုနှစ် သြဂုတ်လ (၁) ရက်နေ့မှာ လန်ဒန်မြို့မှာ ဘင်္ဂါလီမူဆလင်တွေရဲ့ ညီလာခံတခုကို ကျင်းပပြီးတော့ အစ္စလာမ္မစ် ရိုဟင်ဂျာနိုင်ငံတော် (Islamic Republic of Rohanland) ဆိုတာကို ထူထောင်မယ်လို့ အတိအလင်း ကြေငြာထားပါတယ် ။ နိုင်ငံရဲ့အကျယ်အဝန်း ၁၆၀၀၄၂ စတုရန်း ကီလိုမီတာရှိပြီးတော့ မြို့တော်ဟာ စစ်တွေမြို့ဖြစ်တယ်ဆိုပြီးတော့ ကြေငြာသွားပါတယ် ။ ဒီအချက်ဟာ ကျွန်တော်တို့ရဲ့ အချုပ်အချာအာဏာကို ထိပါး စော်ကားလာပြီးဖြစ်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ကို R2P ဆိုတဲ့အချက်နဲ့ အရေးယူလို့ရမှာလား ၊ မရပါဘူး ။ ဘာ့ကြောင့်လဲ ၊ ကျွန်တော်တို့ရဲ့ ပြည်တွင်းရေးဆိုတာ ထင်ရှားတယ် ။ ဒီလူတွေကို ဒီလူမျိုးတွေကို မြန်မာနိုင်ငံအစိုးရက ဖိနှိပ်နေတာ မဟုတ်ဘူး ။ ဒီလူမျိုးတွေက မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေကို လုံးဝချိုးဖောက်ပြီးတော့ မြန်မာနိုင်ငံရဲ့ အစိတ်အပိုင်းတခုကို သီးခြား နယ်မြေတခု ထူထောင်ဖို့ ကြိုးပမ်းနေခြင်းဖြစ်တယ် ။
အဲဒီတော့ နောက်ဆုံးပိတ်အနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ချိန်ကိုက်လှုပ်ရှားမှုတခုအဖြစ်နဲ့ အခုဖြစ်ပေါ်နေတဲ့ အချက်ကလေးတွေကို တွေ့ရပါလိမ့်မယ် ။
အခု ဒီနေရာမှာ ကိုဖီအာနန်ရဲ့ အစီရင်ခံစာထွက်လာတယ် ။ ကိုဖီအာနန်ရဲ့ အစီရင်ခံစာထဲမှာ အတိအလင်းဆိုထားတယ် ။ နိုင်ငံတော်အကြံပေးပုဂ္ဂိုလ်ရဲ့ ဆုံးဖြတ် အကြံပြုချက်အရ ပြဿနာဖြစ်စေမယ့် ဒီရိုဟင်ဂျာဆိုတဲ့ စကားနဲ့ ဘင်္ဂါလီဆိုတဲ့စကားကို မသုံးပါဘူးလို့ အတိအလင်းပြောထားပါတယ် ။
အဲဒါကြောင့် ဒီကော်မရှင်ဟာ ရိုဟင်ဂျာဆိုတဲ့စကားကို အသိအမှတ်မပြုဘူး ၊ အသိအမှတ်မပြုတဲ့အတွက် ဒီနေရာမှာပေါက်ကွဲပြီးတော့ အဲဒီနေ့မှာပဲ ချိန်ကို လှုပ်ရှားခြင်းဆိုတာကို တွေ့ရပါတယ် ။
အဲဒါကြောင့် ဒီအရာဟာ မြန်မာနိုင်ငံရဲ့ အချုပ်ချာအာဏာကို စော်ကားတဲ့ ၊ ထိပါးတဲ့ လှုပ်ရှားမှုဖြစ်တယ် ။ ရခိုင်ပြည်သူတွေရဲ့ ဘိုးဘွားပိုင်မြေကို လုယက်ဖို့ရည်ရွယ်ချက်နဲ့ ကြိုးပမ်းလာခြင်းဖြစ်တယ်ဆိုတာကို ကျွန်တော် ဒီနေရာက သတိပေးလိုက်ပါတယ်ခင်ဗျာ ။

Dr.Aye Chan
(30,Aug,2017)

မျိုးချစ်သူရဲကောင်းကြီးတယောက်အကြာင်း (သို့မဟုတ်) ခိုင်ရာဇာ



ရခိုင်ပြည်တပ်မတော် စစ်ဦးစီချုပ် ဗိုလ်ရာဇာကို အိန္ဒိယ စစ်တပ်က အန်တမန်ကျွန်းမှာ ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီ လ ၁၁ ရက်နိ့က လုပ်ကြံသတ်ဖြတ်လိုက်တေအတွက် အခုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နိ့ဆိုကေ ဗိုလ်ရာဇာ ကျဆုံးလားစွာ နှစ်ပေါင်း ၁၇ နှစ်ပြည့်မြောက်ရေနိ့
ဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ တိုင်းပြည်နန့် လူမျိုး လွတ် မြောက်ရေးအတွက် ကိုယ်ကျိုးစွန့် ကြိုးပမ်းလုပ်ဆောင်နိန်ချိန်မှာ အဂုပိုင် အိန္ဒိယစစ်တပ်၏ လုပ်ကြံသတ်ဖြတ်မှုကို ခံလိုက်ရစွာဖြစ်ပါရေ။ ယင်းပိုင် ခေါင်းဆောင်တဦး ကျဆုံးလားရခြင်းက ရခိုင် တော်လှန်ရေး လမ်းကြောင်းမှာ ကြီးမားရေ ဆုံးယှုံးးမှုကြီးတစ်ရပ်ဖြစ်ရေပိုင် ရခိုင်တမျိုးသားလုံးအတွက် အစားထိုးမရနိုင်ရေ ဆုံးယှုံးမှုကြီးတရပ် လည်း ဖြစ်ပါရေ။ ယင်းကြောင့် ဗိုလ်ရာဇာစွာ ဇာပိုင်ဂေါင်းဆောင်မျိုးလဲ။ သူ၏စိတ်နီသဘောထားတိက ဇာပိုင်ဟိရေလဲဆိုစွာကို သိဟိနိုင်အောင် ဗိုလ်ရာဇာနန့် ညီအစ်ကိုတော်စပ်သူ တော်လှန်ရေး လုပ်ဖေါ်ကိုင်ဖက် တစ်ဦးလည်းဖြစ်ရေ ကိုလင်းခိုင်ကို ကိုမောင်အေးက တွိ့ဆုံပြီး အဂုပိုင် မိန်းမြန်းထားပါရေ။

မိန်း။ ကိုလင်းခိုင်အနီနန့် ဗိုလ်ရာဇာ၏
ကိုယ်ရေးရာဇ၀င်အကြောင်းကို ပထမ ပြောပြပီးပါလား။
ဖြေ။ ဗိုလ်ရာဇာစွာ မင်းပြားမြို့နယ်
ရွှေချောင်းကျေးရွာဇာတိ ဖြစ်ပါရေ။ သူ၏ဖခင်က ဦးသာမြအောင်၊ မိခင်က
ဒေါ်ကြာစိန်မေ (သို့) ဒေါ်ကြာစိန်ဖြူ ဖြစ်ပါရေ။ သားသမီး ၇ ယောက်အနက်
တတိယမြောက် သားဖြစ်ပါရေ။ ငယ်နာမည်က လှထွန်းအောင်ဖြစ်ပါရေ။ သူ့ကို အသက် ၁၃
နှစ်မှာ သျှင်ပြုပြီး စစ်တွေမြို့ ပုသိမ်ကျောင်းတိုက်နန့် စစ်တွေမြို့က
ကြက်ကိုင်းတန်ကျောင်းမှာလည်း ပရိယတ္တိစာပီတိကို သင်ကြားခပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ တော်လှန်ရေးနန့် ဇာပိုင်ဆက်စပ်ခပါသလဲ။ ဇာပါတီနန့်ဆက်စပ်ပြီး သူ တော် လှန်ရေး စလုပ်ခစွာပါလဲ။
ဖြေ။ ယင်းပိုင် စစ်တွေမှာ စာသင်နေတုန်း အသက် ၁၆
နှစ်အရွယ်ကတည်းက သူက နိုင်ငံရေး၊ တော်လှန်ရေး အသိုင်းအ၀ိုင်းတနန့် ထိတွိ့ ဆက်ဆံခပါရေ။ အထူးသဖြင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP နန့် ဆက်စပ်ပြီး လျှို့ဝှက်ယူဂျီလုပ်ခပါရေ။ ရန်ကုန်နန့် စစ်တွေကို အလားအလာလုပ်ပြီးကေ လျှို့ဝှက်ယူဂျီ လုပ်နိန်ရေအချိန်မှာ အသက် ၂၀ ပြည့်ရေအခါ သူရို့ရွာမှာ မိဘတိက ရဟန်းခံပီးပါရေ။ နောက်ပိုင်းမှာ ရန်ကုန်ကို ပြန်လားပြီး လျှို့ဝှက်ယူဂျီအလုပ်တိကို ဆက်လက်လုပ်ကိုင်ခပါရေ။ ယင်းပိုင် လိုလုပ်ယင်းနန့်လူသိများ လာရေအခါ ရန်ကုန်မှာ နီလို့မရရေအတွက် ဘိတ် (မြိတ်)၊ ကော့သောင်းဘက်ကို ထွက်လားခရပါရေ။


မိန်း။ ဗိုလ်ရာဇာ၏ ငယ်စဉ်က စိတ်သဘောထား ဇာပိုင်ဟိရေလည်းဆိုတာကို ပြောပီးပါ။
ဖြေ။ သူ့ စိတ်နီသဘောထားကို သိရသလောက်ပြောရကေ
သူ ဇာနိန်ရာကို ရောက်ရောက်၊ ဇာအလုပ်ကိုပင်လုပ်လုပ်၊ ဇာပညာကိုပင် သင်သင်
သူစွာ ရခိုင်အမျိုးသားရေးကိုသာ ပိုပြီးကေ အလီးထားရေစိတဟိရေလို့ သိရပါရေ။ ငယ်စဉ်ကတည်းက သူစွာ အမျိုးသားရေးအကြောင်းတိကိုသာ
ပြောလေ့ဟိပါရေ။ နောက်ပြီးကေ သူ့အဖကလည်း ရခိုင်တော်လှန်ရေးသမား
ပြောက်ကျားတစ်ဦးဖြစ်တေ အတွက် သူစွာ အမျိုးသားရေးစိတ်ဓါတ် ငယ်စဉ်ကတည်းက
ပြင်းထန်ခသူတစ်ဦးဖြစ်ပါရေ။ ရခိုင်တမျိုး သားလုံး လွတ်မြောက်ရေးအတွက်
ငယ်စဉ်ကပင် စိတ်ဓါတ်ပြင်းထန်သူ တစ်ဦးဖြစ်ရေအတွက် အရွယ်ရောက် လာရေအခါ
မည်သူတဦးတယောက်ကမှ တိုက်တွန်းစရာမလိုဘဲ တော်လှန်ရေးနယ်ပယ်ထဲကို အရောက် လားပြီး လက်နက်ကိုင်တော်လှန်ရေးကို လုပ်ကိုင်ခစွာဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ လုပ်ဖေါ်ကိုင်ဖက်တိနန့်
သူ့လက်အောက်မှာဟိရေ ရဲဘော်ရဲဘက်တိကို သူကဇာပိုင် သဘောထား ဆက်ဆံတတ်ပါလဲ။
ဖြေ။ သူစွာ အမျိုးသားရေးသမားပီပီ
ရခိုင်ပြည်နန့် ရခိုင်လူမျိုးလွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ရေ ဇာသူ့
ကိုမဆို ချစ်မြတ်နိုးရေ စိတ်ဟိပါရေ။ သူနန့်အတူ တော်လှန်တိုက်ပွဲဝင်ခရေ ရဲဘော်ရဲဘက်တိအပေါ်မှာလည်း မိမိရင်ဝယ်သားကဲ့သို့ သဘောထားပြီး
စောင့်ယှောက်ပါရေ။ တိုက်ပွဲမှာကျဆုံးလားရေ သူ၏ ရဲဘော်တိ အတွက်လည်း
သူစွာ အချိန်အကြာကြီး စိတ်ထိခိုက်တတ်ပြီး သူ့အတွက် ပိုပြီးအလုပ် လုပ်ဖို့
စိတ်ပြင်းပြသူ တစ်ဦးလည်း ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ဇာကြောင့် ကျဆုံးရသလဲလို့အစ်ကိုယ့် အနီနန့် ယူဆပါသလဲ
ဖြေ။ ဗိုလ်ရာဇာ ကျဆုံးရစွာက
စေတနာလွန်ကဲအားကြီးလို့ ကျဆုံးရရေလို့ ပြောချင်ပါရေ။ ဇာကြောင့် လဲဆိုကေ
ခုကိစ္စမှာ သူက အကြီးဆုံးတာဝန်ဟိသူဖြစ်ပြီး သူ့အောက်က တာဝန်ဟိသူတိ လားရောက်ဆောင်ရွက်ကေ ရနိုင်ရေကိစ္စဖြစ်ကေလေ့ ကိုယ်ကိုယ်တိုင် လားရောက်လုပ်ကိုင်ရေအတွက် အခုလိုဖြစ်ခရစွာဖြစ်ပါရေ။ ဗိုလ်ရာဇာစွာ ဇာအလုပ်မဆို မိမိကိုယ်တိုင် လားရောက်လုပ်ကိုင်ရမှ
ကြေနပ်တေလူစားမျိုးဖြစ်ပါရေ။ သူ့ လက်အောက်က အဆင့်ဆင့်လုပ်နိန်ကတ်တေ
သူတိကို အားမလိုအားမရဖြစ်ရာကနီ သူကိုယ်တိုင်ပါဝင်ပြီး အိန္ဒိယကို လားရောက်ခစွာဖြစ်ပါရေ။ ဇာနိန်ရာမဆို သူလုပ်မှ ရရေဆိုရေ
သဘောထားတိဟိပါရေ။ အမျိုးသားအတွက် ဖြစ်စီချင်ရေဆန္ဒတိစွာ လွန်ကဲရေအတွက်
အခုပိုင်အဖြစ်ဆိုးနန့် ကြုံတွိ့ခရစွာ ဖြစ်ပါရေ။

မိန်း။ နိုင်ငံရေးအသိုင်းအ၀ိုင်းနန့် တော်လှန်ရေးအသိုင်းအ၀ိုင်းက ခေါင်းဆောင်တချို့က ပြောကတ်ပါရေ။ ဗိုလ်ရာဇာက နိုင်ငံရေးမဟိ၊ မိုက်ရူးရဲဆန်ရေ။ စစ်ဘုရင်ဝါဒကျင့်သုံးရေ။ စသဖြင့်အမျိုးမျိုး ဝေဖန်ပြောဆိုမှု တွိရပါရေ။ ယင်းအပေါ် အစ်ကိုဇာပိုင် ထင်ပါသလဲ
ဖြေ။ ယင်းကိစ္စနန့် ပတ်သက်လို့ပြောရဖို့ဆိုကေ
သူစွာ စစ်သားတစ်ယောက်ဖြစ်တေအတွက် အပြောကြမ်း ပါရေ။ ယကေလေ့
သူ့နှလုံးသားစွာ အလွန်တရာမှ နုညံ့ပါရေ။ ရခိုင်ပြည်နန့် ရခိုင်လူမျိုးအပေါ်မှာ
သူ ထားရေသဘောထားစွာ အလွန်တရာ နုညံ့အားကြီးပါရေ။ ဇာလောက်ပင် သူ့ပါးစပ်က
ကြမ်းကြမ်းတမ်းတမ်း ပြောကေလေ့ သူပြောရေစကားတိထဲမှာ စေတနာပါရေအတွက်
ကြားရရေသူတိက စကားကြမ်းကြမ်း ပြောကေလေ့ ခွင့်လွှတ်သည်းခံကြပါရေ။
ဗိုလ်ရာဇာ၏ နိုင်ငံရေး၊ စည်းရုံးရေး၊ တိုက်ခိုက်ရေးကအစ ကျွန်တော်
အနီးကပ်မြင်လိုက်ရစွာက တခုလေ့ပြောစရာမဟိပါ။ နောက်တခုက သူ့ကို
ဝိုင်းရံပီးကတ်တေ တချို့ခေါင်းဆောင် တိက သူ့အမှားတိကိုတွိ့ကေလည်း
မှားစွာကို မှားရေလို့မပြောဘဲ မှန်ရေဆြိုပီး မြှောက်ပင့်လို့ ပီးကြစွာတိလည်း ဟိခပါရေ။ ယင်းအတွက်ကြောင့်လည်း ဗိုလ်ရာဇာကို
ထိခိုက်မှုတချို့ဟိခပါရေ။ ယကေလေ့ ဗိုလ်ရာဇာစွာ တိုင်းပြည်အတွက်
အများကြီး အလုပ်လုပ်ခသူတစ်ဦးဖြစ်ရေ အတွက် မှားစွာတိ ဟိနိုင်ခကေလေ့ သူမှားခစွာတိက သာမန်အမှားမျိုးတိသာ ဖြစ်ရေလို့ ပြောချင်ပါရေ။

မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်ပြည်တပ်မတော်ကို စတင်တည်ထောင်လာရေ ခေါင်းဆောင်တစ်ယောက်ဖြစ်ပါရေ။ ယင်း စတင်လာရေအခါ သူ ဇာပိုင်ဖြတ်သန်းကျော်လွှားလာသလဲဆိုစွာကို အစ်ကိုသိသလောက် ပြောပြပီးပါလား
ဖြေ။ ဗိုလ်ရာဇာ ပထမဆုံး ALP ကိုဝင်ပါရေ။ သိရသလောက် ဗိုလ်ရာဇာစွာ ALP က
ခေါင်းဆောင်တချို့နန့် ဆက်ဆံရေး အဆင်မပြေလို့ သိရပါရေ။ ယင်းကြောင့် သူ့ကို သီဒဏ်ပီးခစွာတိ ဟိရေလို့လည်း သိရပါရေ။ ယင်းပိုင် သီဒဏ်ပီးခံရရေအတွက်
သူစွာ ကရင်နယ်မြီ တပ်မဟာ ၄ ကို တိတ်တဆိတ် ထွက်ခွါလားပြီး ယင်းမှာ
တော်လှန်ရေးစလုပ်ပြီး လက်နက်နိ စုဆောင်းပါရေ။ လူတိ စုဆောင်းခပါရေ။
လက်နက်နန့် ငွေအင်အား တောင့်တင်းလာရေအခါ ပင်လယ်ပြင်ကို မော်တော်ဘုတ်တိနန့်
ဖြတ်ပြီး ဘင်္ဂလာ-ရခိုင်နယ်စပ်မှာ ရခိုင်ပြည် တပ်မတော် AA ကို လာရောက်ထူထောင်ခပါရေ။ ဗိုလ်ရာဇာစွာ ခေတ်သစ် ရခိုင်တော်လှန်ရေးသမိုင်းမှာ ရခိုင်တော်လှန်ရေးအတွက် လက်နက်ခဲယမ်းမီးကျောက် အများဆုံးရှာဖွီ စုဆောင်းပီးနိုင်ခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။


မိန်း။ ဗိုလ်ရာဇာစွာ ရခိုင်တော်လှန်ရေးမှာအလွန်နာမည်ကြီးခရေ ခေါင်းဆောင်တစ်ဦးဖြစ်ပါရေ။ ယင်းချင့်က ဇာကြောင့်ပါလဲ။
ဖြေ။ ဗိုလ်ရာဇာစွာ သူရ သတ္တိနန့် ပြည့်စုံသူတစ်ဦးဖြစ်ပြီး တိုက်ခိုက်ရေးမှာ အလွန်ကောင်းရေသူ တစ်ဦးဖြစ်ပါရေ။ နောက်ပြီး ဇွဲ၊ ၀ိရိယ၊ သက်လုံကောင်းပါရေ။ နီစွာထိုင်စွာ လားစွာလာစွာအစ သတိ ဟိပါရေ။ စစ်သားကောင်းတစ်ယောက်အနိနန့် ဇာနိန်ရာမှသူ့ကိုပြောဖွယ်ရာမဟိပါ။ ဆက်ဆံရေး မှာ၎င်း၊ စည်းရုံးရေးမှာ၎င်း၊ လူထုနန့်
ဆက်ဆံရေနိန်ရာမှာလည်း ပျော့ပျောင်းပါရေ။ ပီးကမ်းချီးမြှင့်ရေနိန်ရာမှာလည်း
မငှဲ့ကွက်တတ်ပါ။ ငယ်သားတိအပေါ်မှာ စိတ်ထိခိုက်အောင် မပြောပါ။ နောက်ပြီးကေ
မဟာမိတ်တိနန့် လည်း ပြေလည်ပါရေ။ ဗုဒ္ဓဘာသာနန့်ဆိုင်ရေ
လှူဒါန်းစွန့်ကြဲပေးကမ်းမှုတိကို ရောက်ရေနိန်ရာမှာ လုပ်ပါရေ။ ပြီးကေ
ဗိုလ်ရာဇာစွာ တော်လှန်ရေး သက်တမ်းတလျှောက်လုံးမှာ သူ့ကိုယ်ကျိုးအတွက် တခုလည်း
လုပ်ကိုင်ခစွာ မဟိဘဲ အမြင့်မြတ်ဆုံး ပီးဆပ်လားသူတစ်ဦးဖြစ်ပါရေ။
ဗိုလ်ရာဇာစွာ ရခိုင့် နိုင်ငံရေး တော်လှန်ရေးမှာ စံတင်ထားလောက်တေ ကိုယ်ကျိုးစွန့်အနစ်နာခံသူတစ်ဦး ဖြစ်ပါရေ။ ယင်းကြောင့်
ရခိုင်တော်လှန်ရေးနယ်ပယ်မှာ အချိန်တို အတောအတွင်း ဗိုလ်ရာဇာစွာ
အထူးထင်ရှားသူတစ်ဦးဖြစ်ခစွာ ဖြစ်ပါရေ။

မိန်း။ ဗိုလ်ရာဇာ ကျဆုံးလားရခြင်းအတွက် ရခိုင်လူမျိုးတိအတွက် နစ်နာဆုံးယှုံးမှုတိ ဟိရေလို့ ထင်ပါသလား
ဖြေ။ ဗိုလ်ရာဇာ ကျဆုံးလားရေအတွက်
ကျွန်တော်ရို့ ရခိုင်သားတိအတွက် အလွန့်အလွန် ဆုံးယှုံးမှုတစ်ခု ဖြစ်တေလို့
ကျွန်တော်အနီနန့် ခံစားရပါရေ။ ဇာဖြစ်လို့လဲဆိုကေ ဗိုလ်ရာဇာ
ကျဆုံးလားရေနောက်ပိုင်းမှာ သူ့ပိုင်လူမျိုး နောက်ထပ်ပေါ်ပေါက်မလာရေအတွက်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ လုပ်ခရေလမ်းကြောင်းကို ဆက်လက် လုပ်နိုင်ရေသူ
မဟိရေပိုင် ဗိုလ်ရာဇာ အသက်၊ သွီး၊ ချွေးနဲက ရင်းနှီးပြီးရှာဖွီထားခရေ
လက်နက် ခဲယမ်း မီးကျောက်တိကိုလည်း ထိန်းသိမ်းနိုင်ခရေ သူတိ မဟိခပါ။ ရခိုင်တော်လှန်ရေးမှာ ကိုယ်ကျိုး စွန့်သူတိနည်းပါးပြီးကေ
ဗိုလ်ရာဇာပိုင် ရွတ်ရွတ်ချွန်ချွန် ထမ်းဆောင်နိုင်ရေ ခေါင်းဆောင်တိကို
လက်ဆင့်ကမ်း မမွီးထုတ်နိုင်ရေအတွက် သူကျဆုံးလားခြင်းက
ရခိုင်တော်လှန်ရေးအတွက် အစားထိုး မရနိုင်ရေ ဆုံးယှုံးမှုကြီးတစ်ရပ်
ဖြစ်ပါရေ။ ဗိုလ်ရာဇာ ကျဆုံးသလားရေအတွက် ရခိုင်အမျိုးသားတိ လွတ်
မြောက်ဖို့ နောက်ထပ် နှစ်ပေါင်း ၂၀ လောက် နောက်ကျလားပါရေ။
အားနည်းလားရေလို့ ကျွန်တော့် အနီနန့် သတ်မှတ်ပါရေ။

မိန်း။ တချို့ကပြောပါရေ။ ဗိုလ်ရာဇာ အသက်ရှင်ဟိသိမ့်ရေ။ တချို့က အိန္ဒိယအစိုးရ သတ်ပစ် လိုက်တတလို့အမျိုးမျိုးပြောနိန်ကြပါရေ။ ယင်းအပေါ် ညီတော်စပ်တဲ့ မိသားစုဝင်
တစ်ယောက်အနီနန့် ဇာပိုင်ထင်ပါသလဲ
ဖြေ။ ကျွန်တော်က ဗိုလ်ရာဇာ သီဆုံးလာခဗျာယ်ဖြစ်တေလို့ ယူဆပါရေ။ ဇာဖြစ်လို့လည်းဆိုကေ ပြဿနာ
ဖြစ်ရေနိန့်ကစပြီး ခုအချိန်ထိ တခုအစတနလည်း ပေါ်မလာဗျာယ်ဖြဟ်လို့ ဗိုလ်ရာဇာနန့်တကွ
ခေါင်းဆောင် ၆ ယောက် ကို အိန္ဒိယစစ်တပ်က သတ်ပစ်စွာမှန်ရေလို့
ကျွန်တော့်အနီနန့် ယုံကြည်ပါရေ။ အဂု အဖမ်းခံနီရရေ ရဲဘော်တိလည်း
ဗိုလ်ရာဇာနန့် ပစ်သတ်ခံရစွာကို မမြင်ခရကေလေ့ သေနတ်သံတိကို
ကြားခရသူတိလည်း ဖြစ်ကြပါရေ။ ယင်းကြောင့် ကျွန်တော်က အိန္ဒိယအစိုးရ
လုပ်ကြံသတ်ဖြတ်ပစ်တေဆိုစွာကို ဧကန်မုချ ယုံကြည်ပါရေ။ နောက်တချက်က
အိန္ဒိယနိုင်ငံမှာ ဒေကိစ္စနန့်ပတ်သက်လို့ ရေတပ်ဗိုလ်ချုပ်ကြီးကိုတောင်မှ ဖြုတ်ပစ်ရရေအဆင့်ထိဟိခရေအတွက် အမှန်တကယ် သတ်ပစ်စွာဟုတ်တေလို့
ယုံကြည်ပါရေ။ 

ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးအတွက် မြန်မာစစ်အစိုးရကို လက်နက်ကိုင်
တိုက်ပွဲဆင်နွဲဖို့ဆိုပြီးကေ ရခိုင်ပြည် တပ်မတော် AA ကို
ထူထောင်ခရေ စစ်ဦးစီးချုပ် ဗိုလ်ရာဇာအပါအ၀င် ခေါင်းဆောင် ၆ ယောက်ကို
၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလမှာ အိန္ဒိယထောက်လှမ်းရေးက အန်တမန်ကျွန်းမှာ
ရေတပ်အခြီစိုက်စခန်းတစ်ခု ဖွင့်ပီးမေ ဆိုပြီး ခေါ်ယူလားကာ
လုပ်ကြံသတ်ဖြတ်လိုက်ပါရေ။ ဗိုလ်ရာဇာ လုပ်ကြံခံလိုက်ရပြီးနောက် သူနန့် အတူ
ပါလာသော ရခိုင်ကရင် ရဲဘော် ၃၄ ယောက်ကိုလည်း ဂနိန့်တိုင် အိန္ဒိယအစိုးရက
ချုပ်နှောင်ထားပါရေ။ ဘင်္ဂလာနယ်စပ်မှာဟိနိန်ရေ ရာနန့်ချီရေ ရဲဘောတိနန့်
ခေတ်မှီလက်နက်မျိုးစုံမှာလည်း သူနန့်အတူ ပျောက်ဆုံးလားခရပါရေ။