Wednesday, August 30, 2017

ဒေါက်တာအေးချမ်း



ရခိုင်လူမျိုးတို့၏ သမိုင်းဆိုင်ရာ တိုက်စိုက်မှု ဒေါက်တာအေးချမ်းကို ဦးစံထွန်းအောင်၊ ဒေါ်နုစိန်တို့မှ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်တွင် မွေးဖွားခဲ့သည်။ မွေးချုင်း(၁၀)ယောက်အနက် (၅)ယောက်မြောက်သားဖြစ်သည်။
ငယ်စဉ်က ဘူးသီးတောင်မြို့နယ် အထက်တန်းကျောင်းနှင့် စစ်တွေမြို့ အထက(၁) တို့တွင် ပညာသင်ကြားခဲ့သည်။
၁၉၆၈ ခုနှစ်တွင် အခြေခံပညာအထက်တန်း အောင်မြင်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ကို တက်ရောက်သင်ယူခဲ့သည်။
ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် လုပ်သားများကောလိပ်(ရန်ကုန်)တွင် အချိန်ပိုင်းနည်းပြအဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၇၆ တွင် ရန်ကုန်တက္ကသိုလ်သမိုင်းဋ္ဌာန၌ နည်းပြအဖြစ် ခန့်အပ်ခြင်းခံရသည်။
ထို့နောက် ကရင်ပြည်နယ် ဘားအံကောလိပ် သမိုင်းဋ္ဌာနတွင် ဋ္ဌာနမှူးအဖြစ်ပြောင်းရွှေ့ တာဝန်ထမ်းဆောင်ရသည်။ ၁၉၇၈ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့ကိုရရှိသည်။ ၁၉၈၂ ခုနှစ်တွင် လက်ထောက်ကထိကရာထူးဖြင့် ရန်ကုန်တက္ကသိုလ်သမိုင်းဋ္ဌာနသို့ ပြန်လည်ရောက်ရှိ တာဝန်ထမ်းဆောင်ရသည်။ ၁၉၈၃ ခုနှစ်တွင် ဂျပန်နိုင်ငံ ကျိုတိုတက္ကသိုလ်တွင် ပါရဂူဘွဲ့သင်တန်း တက်ရောက်ခွင့်အတွက် နိုင်ငံတော်မှ ရွေးချယ်သော ပညာတော်သင်ဆုကို ရှိသည်။ ၁၉၈၈ ခုနှစ်တွင် ကျိုတိုတက္ကသိုလ်မှ ပါရဂူဘွဲ့ D Litt ကိုရှိခဲ့သည်။
၁၉၈၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သမိုင်းဋ္ဌာနတွင် လက်ထောက်ကထိက တာဝန်ကို ပြန်လည်ထမ်းဆောင်သည်။
ထို့နောက်မကွေးကောလိပ်သို့ ပြောင်းရွေ့တာဝန်ထမ်းဆောင်ခဲ့ရသည်။
၁၉၉၀ ခုနှစ်တွင် အစိုးရထောက်လှမ်းရေးများကဖမ်းဆီးကာ ပုဒ်မ ၁၇/၁ ဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံခဲ့ရသည်။
အင်းစိန် နှင့် သာယာဝတီထောင်များတွင် အကျဉ်းချခံခဲ့ရသည်။ ထောင်ဒဏ် (၇) နှစ်ကျခံရပြီးနောက် ၁၉၉၇ ခုနှစ်တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။ ၁၉၉၈ တွင် ပြည်ပသို့ထွက်ခွာလာခဲ့ရာ အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ်ရှိ ဘာ့ဒ်(Bard) ကောလိပ်တွင် ကထိက တာဝန်ကိုထမ်းဆောင်သည်။ ထို့နောက် Bard တက္ကသိုလ်တွင်ပင် တွဲဖက်ပါမောက္ခရာထူးသို့ တိုးမြှင့်ခန့်အပ်ခြင်းခံရသည်။
၂၀၀၁ ခုနှစ်တွင် ဂျပန်နိုင်ငံ 'ခန်းဒ' နိုင်ငံတကာလေ့လာရေးတက္ကသိုလ်၌ တွဲဖက်ပါမောက္ခ အဆင့်ဖြင့် ဂျပန်နိုင်ငံလေ့လာရေးဋ္ဌာနတွင် ဂျပန် နှင့်အရှေ့တောင်အာရှ နိုင်ငံများဆက်ဆံရေးကို သုတေသနပြု
ရန်ခေါ်ယူခြင်းခံရသည်။
ယင်းတက္ကသိုလ်၌ပင် ၂၀၀၅ ခုနှစ်တွင် နိုင်ငံတကာဘာသာနှင့်ယဉ်ကျေးမှုဌာန ပါမောက္ခအဖြစ် ရာထူးတိုးမြှင့် ခန့်ထားခြင်းခံရရာ ယနေ့တိုင် တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်။
Journal of Southeast AsianStudies, Journal of Global and Area Studies, Journal of Siam Society, Kanda Journal of Japanese Studies and The Liberty Magazine both in English and Japanese အစရှိသော ဂျာနယ်များတွင် အင်္ဂလိပ်ဘာသာ ဂျပန်ဘာသာများဖြင့် ဆောင်းပါးများစွာ ရေးသားထားသည်။
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့်ရှိခဲ့ပြီး ဝံလက်ဖောင်ဒေးရှင်းမှ ဖိတ်ကြားမှုနှင့်အတူ စစ်တွေမြို့သို့ ရောက်ရှိခဲ့သည်။ စစ်တွေမြို့တွင် ရခိုင်လူထုကို ကိုယ်စားပြုပြီး "ရက္ခိုင်ဝံသရက္ခိတဆု"ကို ချီးမြင့်ခဲ့သည်။

Sandy Thin Mar Oo ပို့စ်ကို အနည်းငယ်ဖြည့်စွက်ပြီး ပြန်ခာလည်ဖော်ပြပေးလိုက်ပါသည်။

ဝေဟင်အောင်
၁၃-၁၂-၂၀၁၆။

No comments: